တိုက်ပွဲသတင်း

ပြည်သူ့စစ်အဖွဲ့ကို ဖယ်ရှားမည်ဟူသော သတင်းကြောင့် စံပြ၊ ရှဒူးဇွပ် နှင့် အောင်ရာဒေသခံများ ကျေးရွာမှထွက်ခွာ

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtuzup) ပြည်သူ့စစ်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဖယ်ရှားမည်ဟူသော သတင်းစကားကြောင့် အနီးတစ်ဝိုက်ရှိ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ ဒေသခံများမှာ ကျေးရွာအတွင်းမှ ထွက်ခွာနေကြပြီဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့တွင် ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ ကျေးရွာ ၃ ခုမှ ဒေသခံတစ်ချို့ သည် ရှဒူးဇွပ်ဒေသ တိုက်ပွဲဖော်ဆောင်ခြင်းမပြုရန် အစည်းအဝေးပြုလုပ်ခဲ့ပြီနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီ တနိုင်း ဒကစ သို့ သွားရောက်တွေ့ဆုံကာ အသနားခံစာတင်ခဲ့သည်ဟု ဆိုသည်။

ထို့တွေ့ဆုံမှုများအပြီးတွင် စစ်ကောင်စီဘက်မှ ‘KIA က တိုက်ခိုက်လာရင် တိုက်ခိုက်မည်’ ဟု အကြောင်းပြန်ခဲ့ပြီး၊ KIA တပ်မဟာ ၂ ဘက်မှ ‘ပြည်သူ့စစ်အဖွဲ့ကို ဖယ်ရှားရမည်ဖြစ်တယ်’ ဟု တုန့်ပြန်ခဲ့သည်ဟု စစ်ကောင်စီနှင့် KIA တာဝန်ရှိသူများကို သွားရောက်တွေ့ဆုံခဲ့သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦး KNG ကိုပြောသည်။

အဓိကတော့ ဒီဒေသမှာ တိုက်ပွဲကို ရှောင်ကျဉ်ပေးဖို့နဲ့ အစိုးရ ၂ဖက်က ငြိမ်းချမ်းစွာနဲ့ ဖော်ဆောင်ပေးဖို့ သွားပြောခဲ့ကြတယ်။ KIA ဘက်ကတော့ ဖက်ရှားရမယ်ဖြစ်တယ်။ နောက်ပြီး ဒကစဘက်ကတော့ သူတို့တိုက်ရင် ပြန်တိုက်မယ် ဆိုတဲ့သဘောနဲ့ ပြောဆိုလိုက်တယ်” ဟု ပြောဆိုသည်။

ထိုသို့ နှစ်ဖက်တပ်၏ တုန့်ပြန်ပြောဆိုလိုက်သည့် စကားအရ ရှဒူးဇွပ်ဒေသတွင် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု ယူဆကာ ဒေသခံပြည်သူအများစုမှာ ကျေးရွာမှ အခြားလုံခြုံရာဒေသသို့ ထွက်ခွာနေကြပြီဟု သူက ဆက်ပြောသည်။

တိုက်ပွဲဖြစ်မဖြစ်က ကျနော်တို့လည်း သေချာမသိဘူး။ ဒါပေမယ့် တိုက်ပွဲဖြစ်လာမှာ စိုးရိမ်လို့ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြတွေ မှာနေထိုင်တဲ့ ရွာသား တွေက ထွက်ကုန်ကြပြီ။ နေ့တိုင်းလိုလိုထွက်နေကြတယ်။ အိမ်စောင့်လောက်ဘဲ ဒီမှာရှိကြတော့တယ်” ဟု ပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့ စစ်ကောင်စီ၏ လေယာဉ်တစ်စီးသည် KIA တပ်ရင်း ၁၄ ရှိသည့်ဘက်သို့ လာရောက်ပျံသန်းခဲ့သည်ဟု ဒေသခံများ ပြောသည်။

အလားတူ စံပြ၊ ရှဒူးဇွပ်တစ်လျောက် ပြည်သူ့စစ်အဖွဲ့သည်လည်း တိုက်ပွဲအတွက်ပြင်ဆင်နေပြီး စစ်ကောင်စီ အင်အား ၂၀၀ ခန့်သည် ယခုပတ်အတွင်း လဝါးကျေးရွာမှ လယ်တောလမ်းကိုအသုံးပြုကာ နောင်းမီ နှင့် ဝါရာဇွပ်ဘက်သို့ တက်လာပြီဟု ဒွမ်ဘန်ဒေသခံများ ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာ လဆန်းပိုင်းမှ မိုင်းညှင်းမြို့နယ်ဘက်မှ တက်လာသော တပ်မ ၈၈ လက်အောက်ခံ အဖွဲ့များဖြစ်ကြပြီး ရှဒူးဇွပ်ဒေသ ပြည်သူ့စစ်အဖွဲ့ကို စစ်ကူအဖြစ် တက်လာသော အဖွဲ့ဖြစ်နိုင်သည်ဟု ဒေသခံများ သုံသပ်ပြောဆိုနေကြသည်။

ရှဒူးဇွပ်ဒေသတွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး ပြည်သူ့စစ်အဖွဲ့နှင့် KIA တို့ကြား စစ်ရေးတင်းမာခဲ့ပြီး ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စံပြကျေးရွာရှိ ပြည်သူ့စစ်တပ်စခန်းကို KIA အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။

Show More

Related Articles

Back to top button