,

Breaking News :

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

နှစ်ပေါင်း ၆၀ နီးပါး လက်လွတ်ခဲ့ရသော ကချင် သမိုင်းဝင်မြေနေရာ ကို ဥပဒေအကြောင်းအရ အနိုင်ရရှိ

မြစ်ကြီးနား မြို့မ ရပ်ကွက် ဧရာဘဏ်အနီးရှိ ကချင်သမိုင်းဝင်မြေနေရာ

မြစ်ကြီးနား မြို့မ ရပ်ကွက် ဧရာဘဏ်အနီးရှိ နှစ်ပေါင်း ၆၀ နီးပါး လက်လွတ်ခဲ့ရသော ကချင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော သမိုင်းဝင်မြေနေရာ တစ်ခုကို ဥပဒေကြောင်းအရ အနိုင်ရရှိထားပြီဟု သိရသည်။

မြန်မာပြည်လွတ်လပ်ရေးမတိုင်မှီ ကချင်ခေါင်းဆောင်များက ကချင်ယူနိုက်တက်ကုမ္ပဏီလိမိတက် အမည်ဖြင့် အင်္ဂလိပ်အစိုးရလက်ထက်တွင် ရရှိခဲ့သောမြေနေရာဖြစ်သော်လည်း ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီက ကချင်ယူနိုက်တက်ကုမ္ပဏီကို ဖျက်သိမ်းပေးလိုက်သည့် မြေနေရာလည်း ဖြစ်သည်။

၁၉၆၅ ခုနှစ်မှ စတင်ပြီး ထိုမြေနေရာပေါ်တွင် လုပ်ငန်းရှင်တစ်ချို့က ဆိုင်ခန်းဖွင့်လှစ်ရန်အတွက် မြေငှားရမ်းလိုကြောင်း ကချင်ယူနိုက်တက်ကုမ္ပဏီ၏ မြေယာထိန်းသိမ်းရေးကော်မတီထံသို့ တောင်းဆိုလာသည့်အချိန်မှစတင်ကာ ယနေ့ထိ နှစ်ပေါင်း ၆၀ နီးပါး လက်လွတ်လိုက်ရသည်ဟု မြေယာပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနေသော တရားလွှတ်တော် ရှေ့နေ ဒေါ်ဒွဲဘူက KNG ကို ပြောသည်။

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူနှင့် ထိုစဉ်က ကချင်ရိုးရာယဉ်ကျေးမှုအသင်း WHG ဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်တို့က တရားလိုပြုကာ တရားမကြီးအမှုဖြင့် စတင်တရားစွဲဆိုခဲ့ကြပြီး ၄ နှစ်ခန့်အကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် မြစ်ကြီးနားပြည်နယ်တရားလွှတ်တော်ရုံးမှ အမှုအပြီးသတ် ဆောင်ရွက်ပေးခဲ့သည်ဟု ဒေါ်ဒွဲဘူက ယခုလို ပြောဆိုသည်။

“တရားစွဲဆိုထားတာက ၄ နှစ်လောက်ရှိသွားပြီ။ မနေ့က (ဩဂုတ် ၃၁) အပြီးသတ်အမိန့်ချပေးလိုက်တယ်။ ဒီနေရာက ကချင်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ မြေနေရာဆိုပြီး လက်ရောက်ရရှိဖို့အတွက် အားလုံးဝိုင်းဝန်းညှိနှိုင်းပြီး တရားစွဲဆိုခဲ့ကြတယ်။ တကယ်လည်းပဲ စွဲဆိုခဲ့တဲ့အတိုင်း တရားရုံးကလည်းပဲ ကချင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့မြေနေရာဖြစ်တယ်ဆိုပြီး ဒီဂရီအမိန့်ချ အနိုင်ရရှိခဲ့ပြီဖြစ်တယ်” ဟု ပြောဆိုသည်။

ကချင်သမိုင်းဝင်နေရာ ရရှိရေးကြိုးပမ်းခဲ့ကြသော တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူနှင့် WHG တာဝန်ရှိသူများ

မြေနေရာ ဌားရမ်းသူများကို ကချင်ယူနိုက်တက်ကုမ္ပဏီ၏ မြေယာထိန်းသိမ်းရေးကော်မတီအဖွဲ့က ရံပုံငွေရရှိရန်အတွက်သာ ဌားရမ်းပေးခဲ့ခြင်းဖြစ်သော်လည်း ၁၉၇၀ နှောင်းပိုင်းတွင် ထိုမြေနေရာ ဌားရမ်းနေထိုင်သူများသည် ဦးပိုင်မြေနေရာအဖြစ် ရယူရန် ကြိုးပမ်းလာခဲ့သည်ဟု သိရသည်။

၁၉၇၆ ခုနှစ်ဝန်းကျင်သို့ရောက်သောအခါ ကချင်ယူနိုက်တက် ကုမ္ပဏီမြေယာထိန်းသိမ်းရေးအဖွဲ့နှင့် မြေနေရာဌားရမ်း နေထိုင်သူများတို့ ကြား မြေယာအငြင်းပွားမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် ၁၉၉၀ ခုနှစ်မှ ၂၀၁၄ ဝန်းကျင်အထိ ထိုမြေနေရာကို နိုင်ငံတော်မှ သိမ်းယူခဲ့သည်ဟု သိရသည်။

“ကချင်ယူနိုက်တက်ကုမ္ပဏီ ပျက်စီးသွားတော့ ဆိုရှယ်လစ်ခေတ်မှာ အရင်က လူကြီးတွေလည်း ဒီနေရာကို ဦးပိုင်ဖြစ်ချင်လို့ တောင်းတဲ့ သူတွေအများကြီးရှိခဲ့တယ်။ အဲ့လိုဘဲ မြေနေရာဌားနေတဲ့သူတွေလည်း သူတို့ဘဲပိုင်တယ်ဆိုပြီး ပြောတယ်။ သူတို့ရှိနေလို့သာ ဒီနေရာက ကျန်ရှိနေတယ် အဲ့ကြောင့် သူတို့ဘဲပိုင်တယ်ဆိုပြီး အကြိမ်ကြီမ် အငြင်းပွားမှုဖြစ်ခဲ့ကြတယ်။ နောက်ဆုံးဘယ်သူမှမရဘဲ ၁၉၉၀ ခုနှစ်မှာ နိုင်တော်ပိုင်ဖြစ်သွားတယ်” ဟု ဒေါ်ဒွဲဘူက ပြောသည်။

နှစ်ပေါင်း ၂၀ ကျော်ခန့်အထိ နိုင်ငံတော်မှ မြေယာပိုင်ဆိုင်မှုဂရမ် သက်တမ်းတိုးပေးခြင်းမရှိတော့ဘဲ နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူထားပြီး စစ်အစိုးရ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ရောက်ရှိလာကာ မြေနေရာ ပြန်လည်ရရှိရန် လွှတ်တော်တွင် အဆိုတင်သွင်းမှု အဆင့်ဆင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့နေဒေါ်ဒွဲဘူသည် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမှု မတိုင်မှီ အဆိုပါ မြေနေရာနှင့် ပတ်သက်ပြီး ပိုင်ဆိုင်ခဲ့သော သက်သေအထောက်အထားများနှင့် ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့သော ပြဿနာဖြစ်စဉ်များကို ၁၀ နှစ်ကျော်ခန့်အကြာ အချက်အလက်များ စုဆောင်းခဲ့ရကြောင်း ဒေါ်ဒွဲဘူပြောပြချက်တွင် ပါရှိသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်တွင်စတင် တင်ပြခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းမှာပြင် နှစ်ရှည် နှစ်မြှုပ်နေသော ကချင်ယူနိုက်တက်ကုမ္ပဏီအဖွဲ့ကို ထိုအဖွဲ့မှ အရေးပါသော အရာရှိ ဒူဝါဖော်ဝါးဇော်ဂမ်အပါ ကချင်ပုဂ္ဂိုလ် ၄ ဦးဖြင့် ကချင်ယူနိုက်တက် ကုမ္ပဏီကို တဖန်ပြန်လည် ပြန်လည်အသက်သွင်းခဲ့ကြောင်း သိရသည်။

ဒေါ်ဒွဲဘူသည် လွှတ်တော်တွင် ကချင်ယူနိုက်တက်ကုမ္ပဏီကို ကချင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် မြေနေရာအဖြစ် အမည်ပြောင်းလဲ သတ်မှတ်ပေးရန်၊ မြေနေရာပိုင်ဆိုင်မှု ဂရမ်တက်တမ်း ပြန်လည်တိုးပေးရန်နှင့် ထိုမြေနေရာတွင် ဦးပိုင်ရယူရန် လုပ်ဆောင်နေသော လူတစ်စုကို ရွှေ့ပြောင်းပေးရန်စသော အချက် ၃ ချက် တင်ပြခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် နိုင်ငံတော် မှ ကချင်ယူနိုက်တက်ကုမ္ပဏီကို ‘ကချင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်မြေနေရာ’ ဟု တဖန်အမည်ပြောင်းလဲသတ်မှတ်ပေးခဲ့ရာ မြေယာပိုင်ဆိုင်မှု ဂရမ်တက်တမ်းကို ယခုနှစ် ၂၀၂၂ ခုနှစ် ၄ လပိုင်း ၁၈ ရက်နေ့အထိ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

တဖက်တွင် နိုင်ငံတော်မှ ၁၀ နှစ် အာမခံ မြေယာပိုင်ဆိုင်မှု ဂရမ်ရရှိခဲ့သော်လည်း ယခင်ကတည်းက ဌားရမ်းနေထိုင်လျက်ရှိသည့် ဆိုင်ခန်းများက ရွှေ့ပြောင်းပေးခဲ့ခြင်း မရှိသောကြောင့် ၂၀၁၉ ခုနှစ်တွင် ဆိုင်ဌားရမ်းနေသည့် တရားပြိုင် ၁၂ ဦးကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ဒွဲဘူက ယခုလို ဆက်ဆိုထားသည်။

“နိုင်ငံတော်က မြေနေရာပိုင်ဆိုင်တဲ့ ဂရမ်တက်တမ်းပြန်ရတဲ့အခါမှာ အခုဆိုင်ခန်းဖွင့်ပြီး ရှိနေတဲ့ သူတွေကို ဖယ်ရှားပေးဖို့ ကချင်ရိုးရာရုံးမှာ ခေါ်ယူပြောဆိုတာတွေရှိတယ်။ ဒီနေရာက ကချင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ မြေနေရာဖြစ်တယ်။ ရွှေ့ပြောင်းပေးကြပါလို့ ပြောဆိုတာတွေရှိခဲ့တယ်။ တစ်ချို့က သဘောတူကြတယ်။ တစ်ချို့က လက်မခံကြဘူး။ လူကိုယ်တိုင်လည်း တွေ့ဆုံပြောဆိုတာလုပ်သလို စားနဲ့လည်းအသိတာလုပ်ခဲ့တယ်။ ဒါပေမယ့် လက်မခံခဲ့တဲ့အတွက် တရားစွဲဆိုလိုက်တယ်” ဟု ပြောဆိုသည်။

ကချင်ပြည်နယ် တရားလွှတ်တော်ရုံမှ မြေနေရာနှင့် ပတ်သက်ပြီး ဥပဒေအရ ကချင်တစ်မျိုးသားလုံး ပိုင်ဆိုင်သည့် မြေနေရာဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သော်လည်း အမှုနှင့်ပတ်သက်ပြီး တရားပြိုင်ဘက်မှ ၁၂ ဦးသည် ၂ လအတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံ ဆက်လက်ဝင်ခွင့်ရရှိမည်ဖြစ်သည်။

ထို ၂ လအတွင်း တရားပြိုင် ၁၂ ဦးဘက်မှ အယူခံဆက်တက်မည်ဆိုပါက ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်ပြီး အယူခံ မတက်ရောက်ခဲ့ပါက အယူခံ ၂ လအပြီးတွင် တရားလိုဘက် အမှုအပြီးသတ် အနိုင်ရရှိမည်ဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်အထိ မြေနေရာမှ ရွှေ့ပြောင်းပေးခြင်းမရှိဘဲ ဆိုင်ခန်းဖွင့်လှစ်ထားဆဲဖြစ်သည့် တရားပြိုင် ၁၂ဦးသည် ဒေါ်မာသ (ဇီးအုန်တိုင်းရင်းဆေးဆိုင်)၊ ဒေါ်ဖော်ယူးခေါန်ရှောင် (တိုင်းရင်းဆေးပဒေသာ)၊ ဒေါ်တိုးတိုးအောင်(သွေးစာပေ)၊ ဦးလဆီးထိန်နန် (ဌက်မင်းညီနောင် ကချင်ဆေးဆိုင်)၊ ဦးလဇိန်နော် (စာပဒေသာစတိုး)၊ ဒေါ်ခင်မမ (ဘာဘူကြီးမျက်မှန်ဆိုင်)၊ ဒေါ်ရီ (ဘာဘူကြီးမျက်မှန်ဆိုင်)၊ ဦးကိုကိုနိုင် (လက်ဖက်ရည်ဆိုင်)၊ ဦးဇော်ဌေး(လက်ဖက်ရည်ဆိုင်)၊ ဦးစံဂျေး(ဆေးနှင့် ဆေးပစ္စည်းဆိုင်)၊ ဦး G ဘောမ်ချမ်း(မလိဇွပ်ခွေဆိုင်)၊ အေးမြတ်စိုး( မုန့်နှင့်ကုန်မျိုးစုံဆိုင်)တို့ဖြစ်ကြသည်။

အထက်တွင် ပါရှိသော တရားပြိုင်များဖြစ်ကြသည့် ဒေါ်မာသ (ဇီးအုန်တိုင်းရင်းဆေးဆိုင်)၊ ဒေါ်ဖော်ယူခေါန်ရှောင် (တိုင်းရင်းဆေးပဒေသာ)၊ ဒေါ်တိုးတိုးအောင်တို့က ၁၉၈၇ ခုနှစ်ခန့်မှ နိုင်ငံတော်ထံသို့ အချင်းဖြစ်မြေယာနှင့်စပ်လျဉ်းပြီး မြေယာပိုင်ဆိုင်မှု ဂရမ်ထုတ်ပေးရန် အစိုးရအဆက်ဆက် အသနားခံစာ တောင်ပြတောင်းဆိုမှုများရှိခဲ့သည်ဟုလည်း အချက်အလက်များအရ သိရသည်။

တရားပြိုင် ၁၂ဦးအနက် ဦးလဆီးထိန်နန်(ငှက်မင်းညီနောင် ကချင်ဆေးဆိုင်)၊ ဦးလဇိန်နော် စာပဒေသာစတိုး) ၂ဦးသည် အချင်းဖြစ်နေရာမှ ပယ်ရှားထွက်ခွာပေးမည်ဖြစ်ကြောင်း သဘောတူမှုရှိခဲ့ပြီး နောက်နှောင် ထိုမြေနေရာတွင် ဆိုင်ခန်းများ ထပ်မံဆောက်လုပ်မည်ဆိုပါက ၎င်းတို့ကို ဦးစားပေးရန် တောင်းဆိုမှုများလည်းရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ကြီးနားမြို့လယ်ခေါင်ရှိ ကချင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် မြေနေရာသည် မြို့မအရှေ့ ရပ်ကွက် ဦးပိုင်အမှတ် (၁၃၃)၊ မြေကွက်အမှတ် (၁၅၃) စတုရန်းမိုင် ၇၂၀၀ ပေရှိပြီး မြေဧကဖြင့် ၀.၆၆ ဧက ကျယ်ဝန်းရှိသည်။

ကချင်ယူနိုက်တက်ကုမ္ပဏီနှင့် ကချင်ရိုးရာယာဉ်ကျေးမှုအသင်း (WHG) ဆက်စပ်လာပုံ

မြေနေရာပိုင်ဆိုင်ထားသည့် ကချင်ယူနိုက်တက် မြေယာထိန်းသိမ်းရေးအဖွဲ့သည် မြေနေရာပြန်လည်ရရှိရန်အတွက် လုပ်ငန်းတာဝန်နှင့် မြေယာပိုင်ဆိုင်သည့် စာရွက်စာတမ်းများကို ၂၀၀၉ ခုနှစ်အောက်တိုဘာလတွင် ကချင်မျိုးနွယ်စုအားလုံးပါဝင်သော ကချင်လူမျိုးများရိုးရာယဉ်ကျေးမှုအသင်း (WHG) သို့ လွဲပြောင်းပေးခဲ့သည်ဟု သိရသည်။

အဆိုပါ မြေယာစာရွက်စာတမ်းများ လက်ခံရရှိခဲ့သည့် ထိုစဉ်က WHG ဥက္ကဋ္ဌသည် ဥပေဒအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် တရားလွှတ်တော် ရှေ့နေဒေါ်ဒွဲဘူအား ပြန်လည်ပေးအပ်ခဲ့ရသည်ဟု ပြောသည်။

“အဲ့ဒီအချိန်က ကချင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းက ရှားသေတယ်။ ကချင်ယူနိုက်တက်အဖွဲ့တွေက မြေနေရာပြန်ရဖို့ တာဝန်ပြန်လွှဲချင်တယ်ဆိုပြီး ကျနော့်ကိုပြောလာတယ်။ ကြိုးစားကြည့်မယ်ဆိုပြီး မြေယာပိုင်ဆိုင်ခဲ့တဲ့ စားရွက်စာတမ်းတွေ လွှဲပြောင်းပေးခဲ့တယ်။ ဒါပေမယ့် ဒီပြသနာက တရားဥပဒေအတိုင်းသာ လုပ်ဆောင်ရမယ် သဘောမှာရှိတဲ့အတွက် ဒေါ်ဒွဲဘူကို ကချင်တစ်မျိုးသားလုံးအတွက် ရှေ့နေလုပ်ပေးဖို့ အကူအညီတောင်းခဲ့ရတယ်” ဟု ၂၀၀၉ ခုနှစ်က WHG ဥက္ကဋ္ဌ ဖြစ်သူက ပြောဆိုသည်။

၂၀၁၉ ခုနှစ်တွင် ထိုမြေနေရာပေါ်တွင် နေထိုင်လျက်ရှိနေသူများကို တရားစွဲဆိုရန်အတွက် စတင်လုပ်ဆောင်လာချိန်တွင် WHG ကော်မတီ ဥက္ကဋ္ဌ နေရာတွင် ဦးထုံဖူးဒဂုဏ် ဆက်လက်တာဝန်ယူဆောင်ရွက်နေသည့်အချိန်ကာလဖြစ်သည့်အတွက်သူသည် ဒေါ်ဒွဲဘူနှင့်အတူ တရားလိုအဖြစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

WHG ကို ကချင်ယူနိုက်တက်အဖွဲ့၏ တာဝန်ပေးအပ်ချက်အရ မြေနေရာရရှိရန်အတွက် ပါဝင်ခဲ့သော်လည်း ပြန်လည်ရရှိလာမည့် မြေနေရာသည် WHG တစ်ဦးတည်းပိုင်သော မြေနေရာလည်းမဟုတ်ကြောင်း ဒေါ်ဒွဲဘူက ပြောဆိုထားသည်။

ထိုမြေနေရာသည် လွတ်လပ်ရေးမတိုင်မှီ ကချင်နှင့် ဗမာပေါင်းစည်းလာရန်အတွက် အထောက်အကူဖြစ်စေခဲ့သော သမိုင်းဝင်မြေနေရာတစ်ခုဖြစ်သည်ဟု ယူဆကာ WHG  ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်အတွင်း ထိုမြေနေရာကို ပြန်လည်ရရှိအောင် စွမ်းဆောင်တမံ ကြိုးစားခဲ့ရသည်ဟု ထိုစဉ်က WHG ဥက္ကဋ္ဌ ဖြစ်သူကယခုလို ဆက်ဆိုသည်။

“ဒီမြေနေရာက ကချင်တွေအတွက် ဖျောက်ဖျက်လို့မရတဲ့ သမိုင်းဝင်မြေနေရာဖြစ်တယ်။ လွတ်လပ်ရေးမရမှီက ဒီမြေနေရာမှာ ကချင်နဲ့ဆိုင်တဲ့ သူတွေက အများပိုင် စီးပွားရေးလုပ်ကိုင်ခဲ့ကြတဲ့ နေရာဖြစ်တယ်။ နောက်ပြီး သမိုင်းအရ လွတ်လပ်ရေးရဖို့အတွက်လည်း ဒီမြေနေရာက စခဲ့ရတာဖြစ်တယ်။ လွတ်လပ်ရေးရလို့မှားတယ် မှန်တယ်လို့ မပြောလိုဘူး။ ဒါပေမယ့် ဒီမြေနေရာက ကချင်တွေအတွက် သက်သေအထောက်အထားတစ်ခုဖြစ်တယ်။ အဲ့အတွက်ကြောင့် ကျနော် တာဝန်ယူစဉ်တုန်းကလည်း ဒီနေရာကို ပြန်ရယူဖို့အတွက် အများကြီးကြိုးစားခဲ့တယ်။ ပြီးရင် မျိုးဆက်သစ် လူငယ်တွေကိုလည်း အမြဲတမ်းပြောပြဖြစ်တယ်” ဟု ပြောသည်။

ကချင်တစ်မျိုးသားလုံးပိုင်ဆိုင်သည့် မြေနေရာဖြစ်ပေါ်လာပုံအကျဉ်း

လွတ်လပ်ရေးမရခင် ၁၉၄၆ ခုနှစ်တွင် ကချင်လူမျိုးများ၏ တောင်းဆိုချက်အရ အဆိုပါမြေနေရာကို ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရဖြင့် ညှိနှိုင်းပေးသဖြင့် ရရှိလာခဲ့ပြီး ထိုနေရာတွင်ပင် ရှမ်းပြည်နယ် ပင်လုံမြို့သို့ သွားရောက်ဆွေးနွေးမည့် အဆိုများကို ပင်လုံညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်ဟု သိရသည်။

ကချင်လူမျိုးများအသုံးပြုရန် မြေနေရာရရှိပြီးနောက် ၁၉၄၇ နှစ်တွင် ဦး Kareng La ဦးဆောင်ပြီး ကချင်ယူနိုက်တက်ကုမ္ပဏီဟု အမည်ပေးကာ စစ်ကြွေးကျန် ကုန်ပစ္စည်းများ စုပေါင်းရောင်ဝယ်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့သော မြေနေရာဖြစ်သည်ဟု သမိုင်းအရ သိရသည်ဟု သိရသည်။

ကချင်ယူနိုက်တက်အဖွဲ့သည် မြေနေရာဌားရမ်းသူများကို မြန်မာငွေ ၇ ကျပ်ဖြင့် စတင်ဌားရမ်းပေးလိုက်သည်ဟုလည်း သူက ဆက်ပြောသည်။

၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီခေတ်တွင် အဆိုပါ စစ်ကြွေးကျန်ရောင်းချနေသည့် ကချင်ယူနိုက်တက်ကုမ္ပဏီသည် ဖျက်သိမ်းခံလိုက်ရသဖြင့် ထိုမြေနေရာသည် လစ်ဟနေသောကြောင့် မြေနေရာဌားရမ်းသူများကို မြန်မာငွေ ၇ ကျပ်ဖြင့် စတင်ရမ်းဌားရမ်း ပေးလိုက်ရသည်ဟု သိရသည်။

မြေနေရာကို မည်သူ တာဝန်ယူပြီး စီမံသွားမည်နည်း။

တရားဥပဒေအရ ပြန်လည်ရရှိလာသည့်အဆိုပါမြေနေရာသည် ကချင်တစ်မျိုးသားလုံးပိုင်ဆိုင်သည့် မြေယာဖြစ်သည့်အတွက် ကချင်တစ်မျိုးသားလုံးအတွက် အကျိုးပြုစေမည့် လုပ်ငန်းစဉ်များကို ဘုံသဘောတူချက်အရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဒေါ်ဒွဲဘူက ပြောသည်။

မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး မည်သည့်ပုံစံဖြင့် ကွပ်ကဲသွားမည်ကို ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်နိုင်ရန် ဥပဒေမူကြမ်းကိုလည်း ဒေါ်ဒွဲဘူက ရေးဆွဲထားကြောင်းလည်း သိရသည်။

နှစ်ပေါင်း ၅၀ ကျော် လက်လွတ်ခဲ့ရသော မြေယာသည် ခေတ်အဆက်ဆက်တွင် ရရှိရန် ခက်ခဲခဲ့ပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် ပြန်လည်ရရှိလာသည့်အပေါ်  ပြည်သူတစ်ချို့မှာ နိုင်ငံရေး လှည့်ကွက်တစ်ခု ဖြစ်သည်ဟု ဝေဖန်သုံးသပ်မှုများလည်းရှိနေသည်။

သို့သော် မြေယာပြန်လည်ရရှိလာမှုသည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လုံးဝသက်ဆိုင်မှု မရှိဘဲ ၁၀ နှစ်ကျော်ခန့်အကြာ တရားရေးလမ်းကြောင်းအတိုင်းကြိုးစားမှု၏ ရလဒ်သာဖြစ်သည်ဟု ဒေါ်ဒွဲဘူက ပြောပါသည်။

Read Previous

မြစ်ကြီးနား-တနိုင်း ကားလမ်းပျက်စီးနေသဖြင့် ကားသမားအချို့ ကားမထွက်ပဲ ယာယီရပ်နား

Read Next

ရွှေကူ သာယာကုန်းကျေးရွာကို စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှိုသဖြင့် ဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နေရ