သတင်း

ရွှေကူ သာယာကုန်းကျေးရွာကို စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှိုသဖြင့် ဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နေရ

ရွှေကူမြို့နယ် သာယာကုန်း ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်သည် ယနေ့ နံနက်မှစတင်ကာ မီးရှို့နေပြီဟု ဒေသခံများထံမှ သိရသည်။

စစ်အင်အား ၈၀ ကျော်ပါရှိသည့် တပ်မ ၈၈ လက်အောက်ခံတပ် ခလရ ၇၇ စစ်ကြောင်းသည် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာသို့ ယနေ့ နံနက် ၈ နာရီဝန်းကျင်ခန့်မှ ဝင်ရောက်လာပြီး လူနေအိမ်များကို ဝင်ရောက်မီးရှို့ ဖျက်ဆီးနေသည့်အတွက် ဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။

စရှို့တာက သာယာကုန်းစာသင်ကျောင်းကနေ စပြီးရှို့သွားတာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဘာလို့ရှို့တာလဲဆိုတော့ဒီရွာမှာ PDF တွေရှိတယ်။ PDF အိမ်တွေရှိတယ်ဆိုပြီးလာရှို့တာတဲ့ ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာမီးရှို့နေသော အဆိုပါစစ်ကြောင်းသည် စက်တင်ဘာလ ၅ ရက်နေ့က သာယာကုန်းကျေးရွာ နှင့် မင်းကျောင်းကုန်း ကျေးရွာကြားတွင် သင်္ဘောလုံခြုံရေးယူပေးနေစဉ် မြို့လှ PDF ၏ တိုက်ခိုက်မှုကို ခံရသဖြင့် အထိနာခဲ့ပြီးနောက် သာယာကုန်းကျေးရွာဘက်သို့ ဝင်ရောက်လာပြီး မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံပြည်သူများသည် ယနေ့ နံနက်အစောပိုင်းတွင် ကျောက်ကြီးရွာနှင့် အခြားအနီးဝန်းကျင်ရွာများ တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦး က KNG ကို ယခုလို ပြောသည်။

သူတို့ဝင်လာမယ်ကြားလို့ မနက်စောကြီးကတည်းက ထွက်ပြေးနေကြပြီရွာသားတွေက။ အိမ်တွေ ဘယ်လောက်ပါသွားလောက်မလဲတော့မသိဘူး။ မီးခိုးတွေတော့အလုံးလိုက်မြင်နေရတယ်။ ခုထိပြန်ကပ်မရသေးတော့ ခြေထိပျက်စီးမှုမသိရသေးဘူး” ပြောသည်။

လက်ရှိအချိန်ထိ ပြည်သူထိခိုက်သေဆုံးမှု၊ နေအိမ်မီးရှို့ခဲ့သည့်အရေအတွက်စသည့် မြေပြင်အခြေအနေများကို KNG သတင်းဌာနမှ စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။

သာယာကုန်းရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ရွှေကူမြို့မှ ၇ မိုင်ခန့်ဝေးသည့် ဧရာဝတီမြစ်ကမ်းနှင့်နီးသော ကျေးရွာတစ်ခုဖြစ်သည်။

Show More

Related Articles

Back to top button