သတင်းသတင်းဆောင်းပါး

အရှေ့မြောက် တံခါးပေါက်မှ ဒုက္ခသည်များ

“သိန်း ဆယ်ချီ ရင်းထားပြီးတော့ ၁ သိန်း ၂ သိန်းပဲ ကျန်ဖို့ မလွယ်ဘူး။ ကျနော် အံ့ဩသွားတယ်။ ကျနော်လည်း အလုပ်ရှိ ယုံတမယ် မှေးလုပ်နေရတာ” ဟု မြန်မာပြည် အရှေ့မြောက် နယ်စပ် ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောသည်။

ငွေကြေးဖောင်းပွမှု ဂယက်နှင့် ဗဟိုဘဏ်ငွေလဲလှယ်မှု ပုံသေ သတ်မှတ်ချက်များ၊ ခက်ခဲသော နယ်စပ်ကုန်သွယ်မှု ပေါ်လစီ အဆင့်ဆင့်၊ လမ်းကြေး ပေးဆောင်ရမှု နှင့် အခွန်အကောက်များမှုများသည် ရှမ်းမြောက် နယ်စပ်ကုန်သည်များကို ဒုက္ခသည်ဘဝ ဦးတည်စေသည်ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးလည်း ပြောသည်။

“အဓိက ကချင်နဲ့ ပလောင်ကို ဆောင်ရတာ။ အုံနာက ဘီးလှိမ့်ခွန်ဆောင်ရတယ် တနှစ်စာ။ ၅ သိန်းနဲ့ ၉ သိန်းကြားရှိတယ်။ ကုန်သည်တွေက တခြမ်း တခါဆောင်ရတာ။ ကုန်ပေါ်မူတည်ပြီးတော့ ၁ ဖွဲ့ကို အနည်းဆုံး ၅ သိန်း အထက်ပဲ။ ရှမ်းကတော့ သူတို့လာလို့ ကြုံမှ ဆောင်ရတယ်။ အုံနာတွေ ကုန်သည်တွေ မကျန်တော့ ကားသမားက ဘာရမှာတုန်း။ ဆီဈေးကတက်နဲ့” ဟု အမည်မဖော်လိုသော နောက်ထပ် ကုန်တင်ယာဉ်မောင်း တစ်ဦးက ရှင်းပြသည်။

တရုတ်ဘက်ခြမ်းတွင် ကျယ်ဂေါင်မှ ဝမ်တိန်ကို ကိုယ်ပိုင်ကားဖြင့် သယ်ယူလျှင် ကားခသက်သာသော်လည်း အချိန် တစ်လဝန်းကျင်ကြာမြင့်ပြီး ကုမ္ပဏီပိုင်ကားများငှားရမ်းလျှင် ငှားရမ်းခ ကားတစ်စီးလျှင် ယွမ် ၁၀,၀၀၀ (မြန်မာငွေ သိန်း ၄၀ ကျော်) ပေးရကာ ကိုယ်ပိုင်ကားများထက် ကားထွက်ရန် ပိုမြန်ကြောင်း ရွှေလီရှိ မြန်မာကုန်သည် တစ်ဦးပြောသည်။

မြန်မာဘက်ခြမ်းတွင် လက်နက်ကိုင် အဖွဲ့တဖွဲ့ကို ၅ သိန်းကနေ ၁၀ သိန်းကြား ဖြင့် အဖွဲ့ ၅ ဖွဲ့ခန့်ကို ပုံမှန် အခွန်ဆောင်နေရသဖြင့် ငွေကြေးကုန်ကျမှု ပိုများသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်များတွင် အခွန်အခ ကောက်ခံမှု ရှိခဲ့သော်လည်း ယခုနှစ်တွင် အခွန်ကောက်ခံသောအဖွဲ့ များလာသည့်အပြင် ကောက်ခံနှုန်းများလည်း ပိုမြင့်လာ‌သောကြောင့် ကျင်စန်းကျော့-ဝမ်တိန် ကုန်တင်ပို့မှု၊ ကုန်တင်သွင်းမှု လုပ်ငန်းကိုသာမှီခိုနေရသော ပြည်သူများမှာ ကုန်ဈေးနှုန်းမြင့်မားမှုကို ခါးစည်းခံရကာ ပိုမို ခက်ခဲကျပ်တည်း လာရကြောင်း သိရသည်။

ငွေကြေး ကွာဟမှု ကြီးမားလာသောကြောင့် အခက်အခဲဖြစ်နေကြရကြောင်း မူဆယ် တရုတ်-မြန်မာ နယ်စပ် ကုန်သည် လုပ်ငန်းရှင်များ ပြောဆိုနေကြသည်။

ဗဟိုဘဏ်မှ သတ်မှတ်ထားသော ငွေလဲနှုန်းမှာ ၁ ဒေါ်လာ ၂၁၀၀ ကျပ်သာရှိပြီး ဩဂုတ်လ ၂၇ ရက်နေ့က ပြင်ပငွေလဲနှုန်းမှာ ၁ ဒေါ်လာကို ၃၂၀၀ ကျပ်ဝန်းကျင်ထိ ပေါက်ဈေး ရှိခဲ့သောကြောင့် ၁ ဒေါ်လာလျှင် ကျပ် ၁၀၀၀ ခန့်ပုံမှန်အရှုံးပေါ်ကာ တစ်နေ့ထက်တစ်နေ့ ကုန်သည်တွေအတွက် ခက်ခဲလာသည်ဟု ဆိုသည်။

“ရောင်းပြီး ဘဏ်မှ ငွေသွင်းလိုက်တော့ မှ ရှုံးသွားတာ။ လုပ်ငန်း ဆက်လုပ်ဖို့တောင် စဉ်းစားနေရတယ်။ မရှုံးသင့်တဲ့ နေရာမှာ ရှုံးသွားတယ်” လို့ ဆီသီးခေါ် ဒန်းစေ့ကနေ ကုန်ချောထုတ်လုပ်နေတဲ့ မြန်မာလုပ်ငန်းရှင် ၁ ဦးက ပြောသည်။

ထို့အပြင် နှစ်နိုင်ငံ လက်ရှိ ကုန်သွယ်ခွင့်ရနေသည့် မူဆယ် တရုတ် – မြန်မာ နယ်စပ်၊ ကျင်းစန်းကျော့ ဂိတ်မှ ကုန် ကန့်သတ် ထားသောကြောင့် ရေလမ်းကြောင်းကနေ တင်ပို့ ရလို့ အချိန်ကြာမြင့်တဲ့အပြင် ကုန်ကျစရိတ် ပိုထောင်းသည်ဟုလည်း ကုန်သည်များ ပြောသည်။

တရုတ်ဘက်ခြမ်း ရွှေလီနယ်စပ်တွင်လည်း တရုတ်ငွေ အလုံအလောက် လဲလှယ်ရန် ခက်ခဲသည်ဟုလည်း ဆိုသည်။

နယ်စပ်ဂိတ်များတွင် ကိုဗစ် စည်းကမ်း သတ်မှတ်ချက်များကြောင့် နယ်စပ်ကို မှီခို လုပ်ကိုင် စားသောက်နေကြရသော တနိုင်တပိုင် အရောင်းအဝယ်လုပ်ငန်းရှင်များအတွက် စားဝတ်နေရေး ခက်ခဲမှုလည်းရှိလာသည်ဟု နယ်စပ်ဒေသခံများက ပြောသည်။

ထိုမျှသာမက နယ်စပ် အဝင် အထွက်ပိတ်လိုက်‌သောကြောင့် တရုတ် နယ်စပ်ဘက် မှီခို အလုပ်လုပ်နေကြရတဲ့ နယ်စပ်ဒေသခံတွေ အလုပ်အကိုင် ရှားပါးကာ အများစုမှာ အလုပ်လက်မဲ့ ဖြစ်ကြရကြောင်း ၎င်းတို့က ပြောသည်။

လတ်တလောတွင် မြန်မာဘက် ကျင်းစန်းကျော့မှ  တရုတ်ဘက် ကုန်သွယ်မှုမှာ နေ့စဉ် ပုံမှန် ကုန်သွယ်မှုရှိပြီး တရုတ်ဘက်က Import တစီး ဝင်လျှင် မြန်မာဘက်က Export တစီး ထွက်ခွင့်ရသော်လည်း ငွေဈေး ဂယက်ကြောင့် အဝင် အထွက်ကား အစီးရေ ပုံမှန်ထက် အနည်းငယ် လျော့လာကြောင်း သိရသည်။

၎င်း ဂိတ်ပေါက် မှ ကုန်တင်ယာဉ် အဝင်အထွက်သည် ၂၀၂၁ မတိုင်မီ အချိန်များတွင် ၁ ရက် တင်ပို့နှုန်း ကားအစီးရေ ၇၀၀ ဝန်းကျင်ခန့်ထိ ရှိခဲ့ဖူးကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းမှ သိရသည်။

Show More

Related Articles

Back to top button