တိုက်ပွဲသတင်း

ဟူးကောင့် KIA တပ်ရင်း ၁၄ ကို စစ်ကောင်စီ ဂျက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြေပြင်တပ်များလည်း KIA စခန်းကို တိုက်ခိုက်ရန် ပြင်ဆင်နေ

ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်ရင်း ၁၄ နယ်မြေကို စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းတွင် ဂျက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း စစ်အင်အား ၃၀၀ ကျော်ဖြင့် ထိုးစစ် စတင်ရန် ရှဒူးဇွပ်ကျေးရွာအနီးတွင် ပြင်ဆင်ထားပြီဟု သိရသည်။

ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ် ဂျက်လေယာဉ် ၃ စီးဖြင့် KIA တပ်ရင်း ၁၄ ဌာနချုပ်၊ ရှဒူးဇွပ်ကျေးရွာအနီးရှိ KIA စခန်း ၂ ခု စသည့် ၃ နေရာတွင် ဗုံးကျဲ တိုက်ခိုက်သွားသည်ဟု ဟု ရှဒူးဇွပ် ရွှေမှော်အနီး နေထိုင်သော ပြည်သူတစ်ဦး က KNG ကို ပြောသည်။

အခုလေးတင် ဗုံးလာကျဲသွားတယ်။ တစ်စီးက ရှေ့ကနေသွားပြီး ၂စီးက တစ်ပြိုင်တည်း ဗုံးကျဲတယ်။ ဒီနေ့ လာပစ်တာ အဆိုးဆုံးပဲ။ တိုက်ပွဲဖြစ်ဖို့ သေချာသွားပြီထင်တယ်။ ထိခိုက်မှုတွေက မသိရသေးဘူး” ဟု ပြောသည်။

KIA တပ်ရင်း ၁၄ နယ်မြေဖြစ်သော ရှဒူးဇွပ်အနီးတစ်ဝိုက်တွင် လွန်ခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ KIA နှင့် ပြည်သူ့စစ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အင်အား ၃၀၀ ခန့်ပါဝင်သော စစ်ကောင်စီ တပ်မ ၈၈ အောက် တပ်ကူများသည် လက်ရှိ ရှဒူးဇွပ်ဒေသ KIA ရှေ့တန်းစခန်းအနီးတွင် ထိုးစစ် စတင်ရန် ရောက်ရှိနေပြီဟု ဒေသခံများ ပြောသည်။

ယနေံ့ နံနက် ဂျက်လေယာဉ် ၃ စီးဖြင့် စစ်ကောင်စီတပ်မှ ဗုံးကျဲတိုက်ခိုက်ပြီးနောက် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့မှလည်း စံပြစခန်းမှတဆင့် လက်နက်ကြီးများဖြင့် KIA ရှိသည့် ဘက်သို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေဟု စံပြဒေသခံတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။

ဒီကနေ့ကပြီး တိုက်ပွဲဖြစ်ပြီထင်တယ်။ KIA တရင်း ၁၄ ဘက် ဗုံးလာကျဲသွားတယ်။ ဒီက ပြည်သူ့စစ်အဖွဲ့တွေလည်း KIA ရှိနိုင်တဲ့ဘက်ကို လှမ်းပစ်နေတယ်။ အခု ၂ဖက်တပ်ဘက်ကနေ တိုက်ပွဲဖြစ်ဖို့လည်း ပြင်ဆင်ထားတယ်လို့လည်း ကြားနေရပြီ” ဟု ပြောသည်။

KIA တပ်ရင်း ၁၄ နယ်မြေတွင် ပြည်သူ့စစ် မင်းဇင်းသန့်အဖွဲ့ နှင့် KIA တို့ကြား ၃ လခန့်အကြာ စစ်ရေးတင်းမာမှုရှိခဲ့ပြီး စက်တင်ဘာလဆန်းပိုင်းတွင် တိုက်ပွဲဖြစ်လာမည့်အခြေအနေဖြစ်ပေါ်လာသဖြင့် ရှဒူးဇွပ်၊ စံပြ နှင့် အောင်ရာ စသော ကျေးရွာ ပြည်သူများသည် လွန်ခဲ့သည့် ၂ ပတ်ခန့်မှစတင်ကာ ဘေးလွတ်ရာသို့ ပြောင်းရွေ့နေပြီ ဖြစ်သည်။

ဟူးကောင့်ချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ နယ်မြေကို လွန်ခဲ့သည့် ၂၀၁၇၊ ၂၀၁၈ တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button