သတင်းအင်တာဗျူး

“ကိုးကန့်တပ်တွေကို ရွာနဲ့ဝေးဝေး ရှောင်ထွက်သွားဖို့နဲ့ ရိုက်နက်ခဲ့တဲ့ဖြစ်စဉ်အတွက် ပြန်တောင်းပန်ဖို့ ပြောချင်တယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အနောက်တောင်ဘက် ၁၂ မိုင်ခန့်တွင် တည်ရှိသော ဇွပ်အောင်စစ်ရှောင် စခန်း အနီးပတ်ဝန်ကျင်တစ်လျှောက် တိုင်းရင်းသားတော်လှန်ရေးတပ်များလှုပ်ရှားနေသည်။

ထိုအထဲ MNDAA ကိုးကန့်တပ်ဖွဲ့သည် ယနှစ်ဆန်းပိုင်းမှစပြီး စစ်ရှောင်စခန်းတွင် စခန်းချနေထိုင်သည့်အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့တွင် စစ်ရှောင်များကို ရိုက်နက်မှုဖြစ်ပွားခဲ့သည်။

လက်ရှိ ဇွပ်အောင်စစ်ရှောင်ပြည်သူများ၏ အခြေအနေနှင့်ပတ်သက်ပြီး အမည်မဖော်လိုသော စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးဖြင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ အာဏာသိမ်းပြီးနောက်ပိုင်း ဇွပ်အောင်စစ်ရှောင်စခန်းအခြေအနေကို ပြောပြပေးပါ။

ဖြေ။ နေ့ရောညပါ အိပ်မပျော်၊ စားမဝင်ဖြစ်တယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ စစ်ရှောင်စခန်းမှာလာနား လာအိပ်ကြတော့ ကြောက်နေရတယ်။ တစ်ခါတစ်ခါ လက်နက်ကြီးတွေကျ၊ ပြည်သူတွေထိခိုက်သေဆုံး၊ ဘယ်သူ့ကိုမှ သွားတိုင်လို့မရဖြစ်တယ်။ နေရခက်တယ်။ ပြန်ရှောင်ဖို့ နေရာကလည်းမရှိခက်တယ်။  TNLA က စစ်ရှောင်စခန်းကို သွယ်ပေးတဲ့ ရေတွေကို ဖျက်လိုက်တော့ ရေလည်းခက်ခဲတယ်။

မေး။ ဆက်လက်ပြီး အခုလိုပဲ ဆက်ဖြစ်နေမယ်ဆိုရင် ရှေ့ဆက်ဘယ်လိုဖြစ်လာမလဲ။

ဖြေ။ အခုလိုပဲ ဆက်နေမယ်ဆိုရင် စစ်ရှောင်စခန်းမှာရှိတဲ့ ပြည်သူတွေက စစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီးတွေလည်း ထိနိုင်သလို၊ ဒီမှာလာနေတုန်း အချင်းချင်းအရက်မူးပြီး ပစ်ကြတဲ့အခါလည်း ထိခိုက်နိုင်တယ်။ အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးလည်း ဖြစ်လာနိုင်တယ်၊ သူခိုးဓားမြတွေလည်း များလာမယ်၊ ပြီးရင် လူငယ်တွေလည်း အကျင့်စာရိတ္တပျက်စီးလာ တယ်၊ သူတို့က အသက်ငယ်သေးတဲ့လူငယ်တွေကို ပိုက်ဆံပေးပြီး ဖျားယောင်းတာမျိုးတို့၊ အရက်ခေါ်တိုက်တာမျိုးတို့ လုပ်တယ်။ စစ်ရှောင်စခန်းက ပြည်သူတွေက သူတို့တွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဖြစ်နိုင်သလို အကျင့်စာရိတ္တပျက်ပြားလာနိုင်ပါတယ်။

မေး။ အရင်က ဒီဇွပ်အောင်စစ်ရှောင်စခန်းက ဘယ်သူ့တွေရဲ့ နေရာလဲ။

ဖြေ။ အရင်ကတော့ ကောင်းခါးပြည်သူ့စစ်တွေရဲ့ သစ်တောကြိုးဝိုင်းဟုတ်တယ်။ နောက်တော့ စစ်ရှောင်တွေအတွက်နေရာပေးပြီး တောတွေရှင်းလင်းပြီး ရွာပုံစံလမ်းတွေဖောက် အိမ်ယာတွေခွဲပေးပြီး နေလာခဲ့တာဖြစ်တယ်။

မေး။ လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရှောင်စခန်းမှာ အခုလိုနီးကပ် ဝင်ရောက်လာတာက ဘယ်အချိန်လောက်ကတည်းကလဲ။

ဖြေ။ ပိုဆိုးလာတာက ၂၀၂၁ ကုန်ခါနီး ၂၀၂၂ မှာတော့ စစ်ရှောင်စခန်းနားမှာ ဝင်လာကြတယ်။

မေး။ အခုလို လက်နက်ကိုင်တပ်ဖွဲ့တွေက ဘယ်လိုပုံစံနဲ့ ဝင်ရောက်လာကြသလဲ။ ရှေ့တန်းထွက်ရင်းနဲ လာနားကြတဲ့ပုံစံလား၊ တမင်သက်သက်စစ်ရှောင်စခန်းနားမှာ လာနေကြတာလားပေါ့။

ဖြေ။ ရှေ့တန်းထွက်တဲ့ပုံစံမျိုးနဲ့ လာနားကြရင်းနဲ့ စုဆောင်းရေးလည်းလုပ်လာတယ်။ နောက်ပိုင်းကြတော့ စစ်ရှောင်ပြည်သူတွေရဲ့အိမ်မှာ လာနားကြတာမျိုးတို့ကနေ အခုတော့ စစ်ရှောင်စခန်းနားမှာ စခန်းချပြီး နေလာကြတယ်။

မေး။ စစ်ရှောင်ပြည်သူတွေအပေါ် ဘယ်လောက်ထိခက်ခဲလာတယ်။ဘာတွေတောင်းဆိုချင်လဲ။

ဖြေ။ ကိုးကန့်နဲ့ တအောင်းတပ်ဖွဲ့တွေ အခုလို စစ်ရှောင်စခန်းတွေမှာ လာမနေခင်ထိတော့ စစ်ရှောင်စခန်းအတွင်းမှာ လက်နက်ကြီးကျတာမျိုးလည်း မရှိခဲ့ဘူး။ ၂၀၂၁ ခုနှစ်အကုန် ၂၀၂၂ ခုနှစ်အစပိုင်းကစပြီး အခုဆို လက်နက်ကြီးကျပြီးသေဆုံးတာတွေလည်း ရှိတယ်၊ အမျိုးသမီးတွေကို ပြည့်တန်ဆာတွေလို ဈေးလိုက်မေးပြီး ပါးစပ်နဲ့စော်ကားတာတွေရှိတယ်၊ ဈေးဆိုင်တွေဝင်ပြီး ပစ္စည်းတွေခိုးယူတာလည်း ရှိတယ်၊ ဘုရားကျောင်းတို့ မူကြိုကျောင်းတွေမှာရော ခွင့်မတောင်းဘဲ သော့တွေရိုက်ဖွင့်ပြီး ဝင်အိပ်လာနေသွားပြီး အမှိုက်တွေ ဒီအတိုင်းထားခဲ့တာမျိုးတို့၊ ကလေးတွေကို အရက် ဘီယာ ခေါ်သောက်တာမျိုး၊ ဆိုင်ကယ်တွေငှားပြီး ဆီမထည့်ပေး၊ ပျက်ရင်လည်းမပြင်ပေးတာမျိုး၊ ရွာထဲလျှောက်သွားရင်း ခွေးတွေဟောင်ရင်လည်း အိမ်ထဲထိဝင်လာပြီး ခွေးတွေကို လာပစ်တာမျိုး၊ ပစ္စည်းတွေငှားပြီး ပြန်မပေးတာမျိုးတို့လုပ်တယ်။ ဒါတွေကို သူတို့စစ်တပ်တွေကိုယ်တိုင်မှာ တာဝန်ရှိတယ်။ ကေအိုင်အေဘက်မှာလည်း တာဝန်ရှိတယ်၊ ဒီကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးသင့်တာ နောက်တောင်နောက်ကျနေပြီ။ အခုထိ ထိထိရောက်ရောက်တာဝန်ယူ ဖြေရှင်းပေးတာမျိုးလည်း မရှိသေးဘူး။

မေး။ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေတွေက ဘယ်လိုရှိသလဲ။

ဖြေ။ စစ်ကောင်စီတပ်ဖွဲ့တွေ ၁ ခေါက် ၂ ခေါက် စစ်ကြောင်းထိုးတာတော့ ရှိခဲ့တယ်။ နောက်တော့ပြန်ဆုတ်သွားတယ်။ စစ်တပ်တွေက ဒီမှာလာနေတာမျိုးတော့ မရှိပေမယ့် သူတို့ရွာဘက် ဆင်းခဲ့တော့မယ်ဆိုရင် လက်နက်ကြီးအရင်ပစ်ပြီးတော့ လာတာမျိုးတော့ရှိခဲ့တယ်။

မေး။ အခုလို ဇွပ်အောင်စစ်ရှောင်ပြည်သူတွေ အခုလိုဒုက္ခခံစားနေရတာလည်း အချိန်ကြာလာပြီဆိုတော့ ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေရော ရှိခဲ့သလား။

ဖြေ။ ဒါနဲ့ပတ်သက်ပြီး အခုထိတော့ မရှိသေးဘူး။ အသင်းတော်အဖွဲ့က တတ်နိုင်သလောက်ကူညီထောက်ပံ့တာတော့ရှိတယ်။

မေး။ ဇွပ်အောင်စစ်ရှောင်စခန်းက ကူညီထောက်ပံ့မှုရော မရဘူးလို့သိရတယ်၊ အခုချိန် စစ်ရှောင်ပြည်သူတွေ လက်ရှိကုန်ဈေးနှုန်းအခြေအနေမှာ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပေးနေကြသလဲ။

ဖြေ။ မြင်းခွာရွက်တွေ နုတ်ရောင်းပြီး ဝင်ငွေရှာတယ်၊ တစ်ချို့က အိမ်ပြန်လို့ရတဲ့သူတွေက ရွာပြန်ပြီး ခြံလုပ် သွားသွားလာလာပေါ့၊ တစ်ချို့အိမ်တွေကျတော့ ငွေရှာတဲ့အရွယ်လူငယ်တွေက တိုင်းပြည်နဲ့လူမျိုးအတွက် ဆိုပြီး စစ်မှုထမ်းကြတော့ အိမ်မှာကျန်ခဲ့တဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက မြင်းခွာရွက်တွေနုတ်ရောင်းပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြပါတယ်။

မေး။ ကွတ်ခိုင်က စစ်ရှောင်ပြည်သူတွေက အိမ်ပြန်ဖို့ စီစဉ်နေကြတာရှိတယ်ဆိုတော့ ဇွပ်အောင်က ပြည်သူတွေရော အိမ်ပြန်ဖို့ အခြေအနေဘယ်လို ရှိသလဲ။

ဖြေ။ ကွတ်ခိုင်က စစ်ရှောင်ပြည်သူတွေရော  အိမ်ပြန်တာတော့ မဟုတ်ဘူး ကွတ်ခိုင်မြို့အတွင်းမှာ နေရာပြောင်းရွေ့တာလောက်ပဲဟုတ်တယ်။ ဇွပ်အောင်က ပြည်သူတွေကတော့ အခုချိန် အိမ်ပြန်မယ်ဆိုလည်း အိမ်တွေက မရှိတော့ဘူး၊ ကျောင်းတွေလည်း မရှိတော့ ချက်ချင်းအိမ်ပြန်ဖို့တော့ ခက်သေးတယ်။ ရွာပြန်ပြီး တောင်ယာသွားလုပ်ဆိုရင်တောင် တစ်ခါတစ်လေ လက်နက်ကိုင်တပ်ဖွဲ့တွေက လမ်းပိတ်တာမျိုးတို့ရှိတယ်။

မေး။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက စစ်ကောင်စီကို မကြိုက်လို့ လက်နက်ကိုင်တော်လှန်တာဖြစ်လို့ ပြည်သူတွေရဲ့အသံကို နားထောင်ပေးရမှာဖြစ်တယ် ဒါနဲ့ပတ်သက်ပြီး ပြောချင်တာရှိသလား။

ဖြေ။ အရင်ကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် တော်လှန်ရေးလုပ်နေကြတယ်ဆိုပြီး ထင်ခဲ့တယ်။ ဒါပေမယ့် ခုနောက်ပိုင်းတော့ စီးပွားရေးလုပ်တယ်လို့ပဲ မြင်တယ်။

မေး။ ကိုးကန့်အကြီးအကဲတွေကို စစ်ရှောင်ပြည်သူတွေအနေနဲ့ ပြောချင်တာတွေက ဘာတွေလဲ။

ဖြေ။ စစ်ရှောင်စခန်းမှာ ရှိတဲ့သူတွေနဲ့ ဂါလိုင် ကျေးရွာမှာရှိတဲ့ ကိုးကန့်တပ်တွေကို ရွာနဲ့ဝေးဝေးရှောင်ထွက်သွားဖို့နဲ့ ရိုက်နက်ခဲ့တဲ့ဖြစ်စဉ်အတွက် ပြန်တောင်းပန်ဖို့ ပြောချင်တယ်။

မေး။ စစ်ရှောင်ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြောချင်တာရှိလား။

ဖြေ။ အဖွဲ့အစည်းတွေအကုန်လုံးကို သိခိုင်းစေချင်တာက ကိုးကန့်တွေက ဒီကချင်ရှိတဲ့ အနီးအနားမှာ မနေတာကကောင်းတယ်။ ကိုးကန့်တွေက ဘာသာစကားလည်းမတူကြဘူး၊ ကွန်မြူနစ်တွေဆိုတော့ ပြည်သူတွေရဲ့ ဘာသာတရားကိုလည်း လေးစားမှုမရှိဘူး။ မိန်းကလေးတွေကိုလည်း ပွေ့ဖက်ပြီး ကိုယ်ထိလက်ရောက် လုပ်တာမျိုးတွေ၊ ကလေးတွေကို အရက် ဘီယာတိုက်ပြီး ဖျက်ဆီးတာမျိုးတွေလုပ်တော့ လက်နက်ကိုင်အဖွဲ့အစည်းတွေအကုန်လုံးကို သိခိုင်းစေချင်တယ်၊ ဒီလိုမလုပ်ဖို့လည်း တောင်းဆိုချင်တယ်။

Show More

Related Articles

Back to top button