KIA/PDF အဖွဲ့များ ဘုရားကျောင်းကို ဓါးပြတိုက်ခဲ့သည် ဟူသော သတင်းအမှားများ ပြန်လည် ပြန့်နှံနေ
မိုးကောင်းမြို့နယ် ပင်းကြိုင်းကျွေးရွာ အောင်မြင်ရပ်ကွက် ခရစ်ယာန်ဘုရားကျောင်းတွင် စက်တင်ဘာလ ၁၁ ရက်နေ့ KIA/PDF အဖွဲ့မှ ဓားပြတိုက်မှု ပြုလုပ်ခဲ့သည် ဟူသော သတင်းအမှားကို စစ်တပ်ထောက်ခံသော ဖေ့စ်ဘုတ်အကောင့်များတွင် ဖြန့်နေကြသည်ကို တွေ့ရသည်။
အဆိုပါသတင်းအမှားကို ပုံမှန် သတင်းအမှားဖြန့်နေကျ “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့ပြီး သူနှင့်အတူ “ Manaw Myay” “Oo Sitt” “ Kachin Land” စသည့်အကောင့်များနှင့်တွဲပြီး ဖြန့်ဝေထားသည်။
ရေးသားဖြန့်ဝေထားသော အကြောင်းအရာတွင် “တနင်္ဂနွေနေ့ ကချင်လူမျိုးများ ဘုရားကျောင်းတက်နေချိန်မှာ မျက်နှာအုပ်ပြီး ဆိုင်ကယ်စီးလာတဲ့လူနှစ်ယောက်က သေနတ်များကိုင်ဆောင်ကာ ဘုရားကျောင်းထဲဝင်ပြီး ဘုရား ကျောင်းမှ ရန်ပုံငွေများနဲ့ ဘုရားကျောင်းတက်လာသူများရဲ့ ဖုန်းတွေကို ဓားပြတိုက်ယူသွားတယ်၊ ယနေ့ဘုရားကျောင်းထဲ ဓားပြတိုက်သူ လက်နက်ကိုင်လူနှစ်ယောက်က သူတို့ဟာ KIA/PDFအဖွဲ့မှ ဖြစ်ကြောင်းပြောဆိုကာ ဓားမြတိုက်လို့အပြီးမှာ ဆိုင်ကယ်နဲ့ရွှေဘို–မြစ်ကြီးနားလမ်းရှိရာ ပင်းဘောကျေးရွာ ဘက်ကို ပြန်ထွက်သွားတယ်လို့ မျက်မြင်တွေ့ကြုံသူများကပြောပါတယ်” ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။
ဒီအကြောင်းအရာနှင့်ပတ်သက်၍ KNG မှ မိုးကောင်းမြို့နယ် PDF အဖွဲ့ထံ ဆယ်သွယ်မေးမြန်းရာတွင်
“မဖြစ်နိုင်ဘူးဗျ။ ဘာလို့လဲဆိုရင် PDF တွေက ပြည်သူကို ထိခိုက်မယ့် ကိစ္စမျိုးဆို လုပ်မှာမဟုတ်ဘူး။ ခုဟာက တမင်ချောက်ချချင်လို့ PDF ဆိုပြီးပြောသွားတာ”ဟု ပြောဆိုသည်။
လက်နက်ကိုင် လူနှစ်ယောက်သည် ဓါးမြတိုက်ပြီးနောက် မိမိတို့သည် KIA/PDF အဖွဲ့မှဖြစ်ကြောင်းပြောဆိုခဲ့ခြင်းမှာ KIA/PDF အဖွဲ့ကို ပြည်သူလူထုများမှ ထင်ယောင် ထင်မှားဖြစ်အောင် ပြောဆိုခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများလည်းပြောဆိုနေကြသည်။
ထို့ကြောင့် မိုးကောင်းမြို့နယ်ရှိ ဘုရားကျောင်းထဲ KIA/PDFအဖွဲ့မှ ဓားပြတိုက်သည်ဆိုသည့် အကြောင်းအရာသည် ဝါဒဖြန့် သတင်းအမှားတစ်ခုသာ ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။
အကြမ်းဖက် စစ်အာဏာရှင်ကို ထောက်ခံသော စစ်အုပ်စုများသည် ပြည်သူ့ကာကွယ်ရေးတပ်နှင့် KIA တပ်ဖွဲ့ကို သတင်းအမှား၊ ဝါဒဖြန့်အမြင်များဖြင့် နေ့စဉ် လူမှုကွန်ရက်စာမျက်နှာများတွင် တိုက်ခိုက်နေသည်ကို တွေ့ရသည်။
ပြည်သူလူထုများအနေဖြင့် ယခုအချိန်တွင် လူမှုကွန်ယက်စာမျက်နှာများပေါ်ရှိ အကောင့်တုများတွင် ဖော်ပြထားသောအချက်အလက်များကို ဖတ်ရှုရာတွင် သက်ဆိုင်ရာသတင်းအလိုက် ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်နှင့်လည်း စစ်ဆေးသင့်ပါသည်။