မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

လယ်ယာမြေ ဖော်ထုတ်ရန် လျာထားမြေနေရာကို ရွှေတူးဖော်ရန် ကြိုးစားနေမှု တိန်းကောက်ဒေသခံများ ကန့်ကွက်

ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ် တိန်ကောက်ကျေးရွာတွင် ဒေသခံများကို လယ်ယာမြေလုပ်ကိုင်ရန် တားမြစ်ထားသည့် မြေဧရိယာတွင် လုပ်ငန်းရှင်များ ရွှေတူးဖော်ရန် စီစဉ်နေသဖြင့် ဒေသခံများကန့်ကွက်နေကြသည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး ၆ လခန့်အကြာမှစတင်ကာ တိန်းကောက်ကျေးရွာတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ခွင့်ပြုမိန့်ဖြင့် စက်ယန္တရားကြီးများအသုံးပြုကာ လုပ်ငန်းရှင် ၃၀ ကျော်ခန့်က ရွှေတူးဖော်ခဲ့ကြသည်။ ထိုနေရာတွင် ရွှေတူးဖော်မှု တစ်နှစ်ခန့်အကြာတွင် ဒေသခံများ၏ စိုက်ပျိုးမြေဧက ၁၀၀၀ ကျော် ပျက်စီးသွားခဲ့သည်။

အဆိုပါ ထိခိုက်ပျက်စီးမှုများအတွက် လျော်ကြေးမရရှိသေးသည့်အပြင် လက်ရှိတွင်လည်း ဒေသခံများ တစ်နိုင်တစ်ပိုင် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် လျာထားသည့် မြေဧရိယာ ၃၀၀ ကိုလည်း KIO နှင့် လုပ်ငန်းရှင်များ ရွှေတူးဖော်ရန် စီစဉ်နေသည်ဟု တိန်းကောက် ဒေသခံအမျိုးသားတစ်ဦး KNG ကို အတည်ပြုပြောဆိုသည်။

ရွာမှာက အိမ်ထောင်စု ၃ စု တစ်စုလောက်ဘဲ လယ်ယာမြေရှိကြတယ်။ ကျန် ၂ စုက လယ်ယာမြေမရှိတဲ့အတွက် မလုပ်နိုင်ကြဘူး။ လယ်ယာမြေတွေ ပြန်တိုးချဲ့ဖို့အတွက် ရွာရဲ့ ထက်ပိုင်းဘက်မှာ လယ်မြေနေရာ ဧက ၃၀၀ ကျော် လောက် ဖော်ထုတ်ဖို့ လျာထားတာရှိတယ်။ အခုက အဲ့နေရာတွေမှာအထိ ရွှေတူးဖော်ဖို့ ပြန်လုပ်လာကြတယ်။ အဲ့နေရာကို မလုပ်ပေးဖို့ ရွာက လူတွေ ကန့်ကွက်နေကြတယ်။ သူတို့ အခုတူးနေတဲ့နေရာတွေက ကုန်သွားတော့ ဒီဘက်ကို ပြန်တူးဖို့ မြေနေရာတွေ တိုင်းတာဖို့အထိ လုပ်လာကြတယ်” ဟု ပြောဆိုသည်။

ဒေသခံပြည်သူများ လယ်ယာမြေဖော်ဆောင်ရန် လျာထားသည့် မြေနေရာသည် လက်ရှိ ရွှေတူးဖော်နေသည့် နေရာသည် တဆက်တည်းရှိနေသောကြောင့် ရွှေတူးဖော်နိုင်ရေးအတွက် လုပ်ငန်းရှင်များ နှင့် ဒေသတွင်းအာဏာပိုင်ဖြစ်သော KIO မှ ကြိုးစားလုပ်ဆောင်နေကြောင်း ဒေသခံများ ပြောသည်။

အခုတူးလိုက်ပြီဖြစ်တဲ့ နေရာတွေကတော့ရှိပါစေတော့ ဒါပေမယ့် လယ်လုပ်ဖို့ လျာထားတဲ့ နေရာကို လုံးဝမထိပေးဖို့ အနူးအညွန့်တောင်းဆိုချင်ပါတယ်။ ဒါမှသာ ကျနော်တို့ ဒေသခံတွေလည်း လယ်ယာမြေတွေ လုပ်ကိုင်နိုင်မှသာ စားဝတ်နေရေး ဖူလုံမှုရှိလာမယ်။ ဒါကိုလည်း ဒီနေရာမှာကွပ်ကဲနေတဲ့ အာဏာပိုင်တွေအနေနဲ့ နားလည်စေချင်ပါတယ်” ဟု အမည်မဖော်လိုသူ တိန်းကောက်ဒေသခံက ပြောဆိုသည်။

လက်ရှိ ဒေသခံများ ကာကွယ်နေသော လယ်ယာမြေ ဖော်ထုတ်ရန် လျာထားသော မြေနေရာနှင့်ပတ်သက်ပြီး NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုမှုများရှိထားသလို ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်မဟာ () ဘက်သို့လည်း တင်ပြတောင်းဆိုမှုများရှိထားကြောင်း ဒေသခံများပြောဆိုသည်။

ထိုမြေနေရာတွင် တိန်ကောက်ကျေးရွာ၏ အရှေ့ဘက်ခြမ်း ၃ မိုင်ခန့် အကွာတွင်ရှိသော တောနယ်တစ်ခုဖြစ်ပြီး မြေနေရာ ဧက ၅၀၀ ဝန်းကျင်သာ ကျယ်ဝန်းကြောင်း သိရသည်။

တိန်းကောက်ဒေသတွင် ရွှေတူးဖော်မှုကို လွတ်လပ်စွာ ခွင့်ပြုထားသဖြင့် နန်မဖြစ်ချောင်း (Nam Hpyek Hka) အနီးတဝိုက် ဒေသခံပြည်သူများ၏ စိုက်ခင်းမြေနေရာများ၊ စားကျက်မြေနေရာများ ပျက်စီးနေပြီဟု ဒေသခံများဆိုသည်။

နန်းမဖြစ်ချောင်း အနီးတဝိုက်အကုန်တူးလိုက်ပြီ။ ဘာမကျန်တော့ဘူး အခုက ချောင်းရဲ့ တစ်ဖက်ကမ်းတောင် ပြန်ရောက်နေပြီ။ ဒီနေရာတွင်က ဒေသခံတွေ နွေမှာ ခင်းလုပ်ကြတဲ့ နေရာတွေဖြစ်တယ်။ သူတို့ ဒီမှာ စဝင်လာတုန်းကလည်း ဒေသခံတွေဘာမှ မသိရသလို ညှိနှိုင်းမှုလည်းမရှိဘူး။ သူတို့ အာဏာရှိတဲ့သူတွေ၊ ငွေကြေးတတ်နိုင်တဲ့ သူတွေ ညှိနှိုင်းပြီး လုပ်ကြတာဟုတ်တယ်။ ရွှေတူးလိုက်တဲ့နေရာတွေမှာ မြေကြီးပြန်ဖို့ပေးမယ် ဒါပဲပြောတယ်ဟု အမည်မဖော်လိုသူ နောက်ထပ် တိန်းကောက် ဒေသခံတစ်ဦး KNG ကို ပြောသည်။

ဟူးကောင်းဒေသတွင် ယခုလို စနစ်မကျ၊ အလွန်အကျွံ ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိုခိုက်မှုကိုသာ ဖြစ်စေပြီး ဒေသခံများအတွက် သောက်သုံးရေပြဿနာ နှင့် စိုက်ပျိုးမြေ ရှားပါးလာသည့် သဘောဝဘေးဒဏ် ကြုံတွေ့ရမည်ကိုသာ စိုးရိမ်သည်ဟု သူက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တိန်းကောက်ကျေးရွာတွင် ရွှေတူးဖော်ရန် ဝင်ရောက်လာသော လုပ်ငန်းရှင်များသည် မြေနေရာကို နဂိုမူလအတိုင်းပြုပြင်ပေးမည်ဟု ပြောဆိုမှုများရှိခဲ့သော်လည်း လက်ရှိတွင် မြေဧက တစ်ထောင်ကျော်မှာ ပြန်လည်သုံးစွဲရန် မရတော့သည့်အထိ ပျက်ဆီးသွားသော်လည်း ပြုပြင်ပေးခြင်း မရှိသေးကြောင်း ဒေသခံများ ပြောသည်။

တိန်းကောက်ကျေးရွာတွင် လုပ်ငန်းရှင်တစ်ဦးလျှင် အနည်းဆုံး မြေ ၁၀ ဧကမှ အများဆုံး ဧက ၁၀၀ ဝန်းကျင်အထိ တူးဖော်ခွင့် ပေးထားသည်။  

လုပ်ငန်းရှင်များသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီ တနိုင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) စသည့် အာဏာပိုင် နှစ်ဖက်သို့ ပုံမှန် အခွန်ပေးဆောင်နေရသည်ဟု စုံစမ်းသိရှိရသည်။

Show More

Related Articles

Back to top button