KIA/PDF အဖွဲ့ အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟူသော သတင်းအမှား ထပ်ဖြန့်နေ
ဖားကန့် လွှတ်တော်ကိုယ်စားလှယ် ‘အောင်ဟိန်းမင်းခေါင်းဆောင်သည့် KIA နှင့် PDF အဖွဲ့မှ ဓားမြတိုက်ထားသော ငွေများဖြင့် ဖားကန့်မြို့ KTVတွင် ပျော်ပါးနေချိန် အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုဖြစ်ပွားခဲ့သည်’ ဆိုပြီး ဝါဒဖြန့်သတင်းအမှား ဖြန့်ဝေထားသည်ကို တွေ့ရသည်။
အဆိုပါ ဝါဒဖြန့်သတင်းအမှားကို အောင်ဟိန်းမင်းနှင့်ပတ်သက်၍ မကြာမန သတင်းအမှားဖြန့်ဝေနေသော “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်သည် “Manaw Myay” “Kachin Land” “Oo Sitt” စသည့်အကောင့်များနှင့်အတူချိတ်ကာ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။
ဖြန့်ဝေ ဖော်ပြထားသောအကြောင်းအရာတွင် “ကချင်ပြည်နယ် ဖားကန့်မြို့နယ် KTV တွင် စက်တင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက အောင်ဟိန်းမင်း ခေါင်ဆောင်သည့် KIA/PDF အဖွဲ့မှ ဓားမြတိုက်ငွေများ ခွဲဝေရာတွင် ဝေစုမတည့်သောကြောင့် အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်” ဟု ဖော်ပြထားသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အောင်ဟိန်းမင်း၏ ဖေ့စ်ဘုတ်အကောင့်တွင် ဖော်ပြထားသည်မှာ “ဖားကန့်မြို့နယ်အတွင်း PDF အယောင်ဆောင်ကာ ဓါးပြတိုက်မှု ဆောင်ရွက်နေသူများကို KIA&KPDF ပူးပေါင်းအဖွဲ့က ရှောင်တခင်ဝင်ရောက်စီးနင်း ဖမ်းဆီးလိုက်ကြောင်း သိရသည်။ တရားခံစုစုပေါင်း (၆)ယောက်ဖြစ်ပြီး ၎င်းတို့ကို စက်တင်ဘာ ၂၉ ရက်၊ ယနေ့နံနက်ပိုင်း (၄)နာရီဝန်းကျင်ခန့်က ဆိပ်မူကျေးရွာအုပ်စုတွင် ဖမ်းဆီးမိခြင်းဖြစ်ကာ လက်နက်နှင့် ကျည်ဆံများလည်း သိမ်းဆည်းရမိကြောင်း သိရသည်” ဆိုပြီး ဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။
ထို့ကြောင့် အောင်ဟိန်းမင်းခေါင်းဆောင်သည့် KIA/PDF အဖွဲ့ ဝေစုမတည့်သောကြောင့် အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဆိုသည့် အကြောင်းအရာသည် ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေသည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။
“ဗလမင်းထင်” ဆိုသည့်စစ်တပ်လော်ဘီ ဖေ့စ်ဘုတ်အကောင့်သည် စက်တင်ဘာလထဲတွင် အောင်ဟိန်းမင်း၊ KIA/PDFနှင့်ပတ်သက်ပြီး ပြည်သူလူထုများ အထင်မှား အမြင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်သတင်းအမှား (၃)ကြိမ် ရေးသားဖြန့်ဝေခဲ့သည်ကို စောင့်ကြည့်လေ့လာတွေ့ရှိခဲ့ရသည်။
ယခုအချိန်ကာလသည် တော်လှန်ရေးနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်တွင် သတင်းတု၊ သတင်းအမှားကို စစ်တပ်လော်ဘီအကောင့်များမှ ရေးသားဖြန့်ဝေနေသောကြောင်း ပြည်သူများအနေဖြင့် အကောင့်တုများက ဖော်ပြထားသော သတင်းအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ပဲ မိမိသိရှိလိုသော နေ့စဥ်သတင်းအကြောင်းအရာများကို ယုံကြည်ရသော ဒေသတွင်းသတင်းမီဒီယာများမှ တဆင့်သာ သတင်းများကို အဓိကထား ဖတ်ရှုသင့်ပါတယ်။