အာဏာသိမ်းပြီးနောက် ရွေ့ပြောင်းအခြေချသူ ပိုများလာတဲ့ ဖားကန့် ကျောက်စိမ်းတွင်း
အာဏာသိမ်း စစ်ကောင်စီ၏ လူထုအပေါ် ဖိနှိပ် ကြမ်းကြုတ်မှုများကြောင့် နေ့စဉ်ဘဝ စားဝတ်နေရေးပြဿနာ ဖြေရှင်းရန်အတွက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများသည် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသသို့ အခြေချနေထိုင်လာကြသည်။
ဖားကန့်ဒေသတွင် ယခင်ကတည်းက ရွေ့ပြောင်းလုပ်သားအများအပြား လာရောက်လုပ်ကိုင်ခဲ့သည်နည်းတူ အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသော စစ်ကိုင်းတိုင်းအနှံမှ ပြည်သူအများစု ဖားကန့်သို့ ရွေ့ပြောင်းကာ အသက်မွေးဝမ်းကြောင်း ပြုလာကြသည်။
“ကျွန်တော်တို့ဖက်က ဘာမှလုပ်ကိုင်စားလို့မရတော့ဘူး၊ ရွာမှာကျန်ခဲ့တဲ့သူတွေလည်း ဟိုပြေးလိုက် ဒီပြေးလိုက်ပဲ၊ ထမင်းထုပ်တောင် သူများပို့ပေးမှ စားနေကြရတာ၊ ဒီမှာတော့ လောပန်းနဲ့နေပြီး ကျောက်လေး ရှာရင်း၊ ကျောက်ရရင် အိမ်ကိုပို့ပေးရင်း နေရတာပဲ” ဟု ကောလင်းမြို့နယ်မှ ဖားကန့်တွင် ကျောက်စိမ်းလာရောက်ရှာဖွေနေသော မောင်မျိုးချစ်( အမည်လွှဲ)က ဆိုသည်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ စာရင်းများအရ ဖားကန့်တွင် လူဦးရေ သုံးသိန်း ဝန်းကျင်ခန့်ရှိခဲ့သည်။ သို့သော်လည်း စစ်ကိုင်းတိုင်းတွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရခြင်းကြောင့် ဒေသခံအများစု ထိုဒေသများတွင် လုပ်ကိုင်ရှာဖွေ စားသောက်မရတော့သည့်အခြေအနေသည် ကချင်ပြည်နယ် ဖားကန့်သို့ ရွှေ့ပြောင်းသူ ပိုမိုများပြားရခြင်း၏ အကြောင်းအရင်း ဖြစ်လာသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်မှ ပြောင်းရွှေ့လာခဲ့သူတစ်ဦးက “ကျွန်တော်တို့ရွာက ရွာခံလူက ဒီမှာ (ဖားကန့်) ကျောက်အရောင်းအဝယ် လုပ်နေတာ၊ သူက ကျွန်တော်တို့ကို အိမ်တန်းယားဆောက်ပြီး နေစရာပေးတယ်၊ မိသားစု(၂၀)လောက် ခုနေကြတယ်၊ အိမ်ငှားခ ပေးစရာမလိုဘူး၊ ကျောက်ရှာလို့ရလည်း အစုပေးစရာ မလိုဘူး၊ စားသောက်ရေးတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် စီစဉ်ရတယ်၊ ကျောက်ရှာလို့ရရင် ပထမဦးဆုံး သူ့ကိုပြရတယ်၊ သူကကျောက်ကိုကြိုက်ရင်ဈေးပေးတယ်။ ကိုယ်ကလည်း ကြိုက်ဈေးရမှ ရောင်းချင်ရောင်း ရှယ်ယာလုပ်ချင်လုပ်၊ ဈေးမတည့်ရင် တခြားလူနဲ့ပြလို့လည်းရတယ်၊ ခုတော့အဲ့လို ဒီတိုင်းနေကြတယ်” ဟု ပြောပြသည်။
ဖားကန့်တွင် စီးပွားရေးအသင့်အသင့် အဆင်ပြေသူများကအစ ရေမဆေးထားခြင်း (နေစရာ စားစရာပေးပြီး ကျောက်ရှာဖွေရပါက အစုတစ်ဝက်ရယူခြင်း) ကို လုပ်ကိုင်တတ်ကြပြီး အချို့က နေစရာသာပေးပြီး ကျောက်ရပါက ဆယ်ပုံတစ်ပုံ အစုရယူခြင်းများလည်း ရှိသည်။
“ဖားကန့်မှာက ကျောက်တူးဖို့အစီအစဉ်က ရှိပြီးသားပဲ၊ တစ်ခြားဒေသမှာ တော်လှန်ရေးအားစိုက်နေတဲ့အချိန် ဒီမှာ အင်တာနက်လိုင်းကို ၂၀၂၁ ဩဂုတ် (၂၀) မှာ ဖြတ်ချတယ်၊ ဒီမှာ တိုက်ပွဲတွေဖြစ်နေလို့လည်း မဟုတ်ဖူး၊ ကျောက်တူးဖော်ရေး လုပ်ငန်းကို စိတ်ကြိုက်လုပ်ချင်လို့ပဲ၊ စစ်ကောင်စီ အနေနဲ့လည်း တော်လှန်ရေးကို အာရုံစိုက်မှုနည်းပြီး စီးပွားရေးဘက်ပဲ အားသန်စေချင်နေတာနဲ့ ကွက်တိ၊ ဘုံအကျိုးစီးပွားတို့၊ win-win position တို့ ဖြစ်တာပေါ့လေ“ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။
မြန်မာ့ နွေဦးတော်လှန်ရေးအရှိန်ရလာသည့် ၂၀၂၁ ခုနှစ် ဆောင်းဦးကာလ ဒေသအခေါ် ရာသီချိန်မှ စတင်ကာ ဖားကန့်၌ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများနှင့် ဒေသတွင်း ကျောက်မျက်ရောင်းဝယ်သူ လုပ်ငန်းရှင်များသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIO ကို အခွန်ပေးဆောင်ခြင်း၊ အစုရှယ်ယာပေးခြင်းတို့ဖြင့် နားလည်မှုရယူကာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ညအချိန် အကောင်အထည်ဖော်ခဲ့ကြသည်။
ကုမ္ပဏီလုပ်ငန်းများဟု ဆိုသော်လည်း အချို့မှာ ကား၊ ဘက်ဟိုး၊ ဆီထုတ်ပေးပြီး တူးဖော်ရေးမြေနေရာပေးသူနှင့် အစုစပ် လုပ်ကိုင်ခြင်းမျိုးလည်းရှိကာ လုပ်ငန်း အကြီး၊ အသေး မျိုးစုံကို အထက်မှော် လုံးခင်း တစ်ကြော၊ မှော်စီစာမှော်၊ ဖားကန့်မှော်နှင့် အောက်မှော်ဟုခေါ်သည့် နမ့်မှော်၊ ဖားပြင်–မမုံ တစ်ကြောတို့တွင် တူးဖော်ရေးလုပ်ကွက် ရာနှင့်ချီ လုပ်ကိုင်လျှက်ရှိကြသည်။
ဒေသတွင်း လက်နက်ကိုင်ဆောင်ထားခြင်း မရှိသော်လည်း အခြားဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စီးပွားရေးတာဝန်ခံများနှင့် ဘဏ္ဍာငွေရှာဖွေရေး အဖွဲ့များလည်း ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရေးနှင့် ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်နေသည်။
ဖားကန့်၌ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များ လက်ညှိုးထိုး မလွဲရှိနေသော်လည်း စစ်ကောင်စီက ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများအား တူးဖော်ခွင့်မပြုပဲ ရပ်ဆိုင်းထားကြောင်း ယမန်နှစ်အတွင်း အကြိမ်ကြိမ်ကြေညာခဲ့သေးသည်။
ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်သော်လည်း ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက အမည်ထုတ်ဖော်ခြင်းမပြုပဲ လုပ်ကိုင်နေကြသလို ယခင်ကတည်းက ဖြေရှင်းနိုင်ခြင်းမရှိသည့် ရေမဆေးကျောက်ရှာသူ ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးလည်း မရရှိကြောင်း ရေမဆေးရှာသူများက ဆိုသည်။
“ကျွန်တော်တို့က ဟိုးအရင်အာဏာမသိမ်းခင်ကလည်း ကုမ္ပဏီစောင့်ပေးတဲ့ ရဲနဲ့စစ်သား ကြောက်ရတယ်၊ ခုလည်း ကုမ္ပဏီက ငှားထားတဲ့ လူမိုက်တွေ ကြောက်ရတယ်၊ တူးဖော်လို့ စွန့်ပစ်ထားပြီးသား မြေစာတောင် မရှာနဲ့ဆို မရှာရဘူး၊ သွားရှာမိလို့ မိရင် ပါးရိုက်ခံရတယ်၊ ကိုယ်ကျောက်ရှာတဲ့ စိန်တူရိုးနဲ့ ကိုယ့်ရိုက်ခံရတယ်၊ အနားကပ်မိရင်တောင် လေးဂွနဲ့ပစ်ခံရတယ်“ ဟု မောင်မျိုးချစ်က ရေမဆေးသမားဘဝ အခက်အခဲကို ပြောပြသည်။
ရေမဆေးသမားဘဝ မည်မျှခက်ခဲသည်ဖြစ်စေ အနိုင်ကျင့်ခံရမှုများကို ခါးစည်းခံကာ တစ်နေ့ ကျောက်ကောင်းရနိုး မျှော်လင့်ချက်ဖြင့် တစ်နေ့ပြီးတစ်နေ့ ကျော်ဖြတ်ရကြောင်း သူက ဆက်ပြောသည်။
“သူများဆီမှာ ရေမဆေးနေရတာက ကိုယ့်စိတ်ကိုယ်မပိုင်ဘူး၊ သူများမျက်နှာကြည့်နေရတာ၊ အန္တရာယ်များလည်း ကျောက်ရှာထွက်ရတာပဲ၊ ညောင်သီးလည်းစား လေးသံလည်း နားစွင့် ဆိုသလို လုပ်ကိုင်ကြရတယ်” ဟု ဆိုသည်။
၂၀၂၂ ခုနှစ် နှစ်ဦးမှ စတင်ကာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကို ကုမ္ပဏီများက ညဘက်တွင်သာမက နေ့ခင်းဘက်ပါ ပြောင်ပြောင်တင်းတင်း တူးဖော်လာကြပြီး ကုမ္ပဏီအလုပ်သမားနှင့် ရေမဆေးကျောက်ရှာသူများအနေဖြင့် ကျင်းပြိုမှု အန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှုများရှိသော်လည်း ထိရောက်သည့် ကူညီပံ့ပိုးမှုမျိုး တာဝန်ခံမှုမျိုးကို ဆောင်ရွက်ပေးခြင်း မတွေ့ရကြောင်း ပရဟိတဆောင်ရွက်ပေးသည့် အသင်းအဖွဲ့များက ဆိုသည်။
အင်တာနက်လိုင်း ဖြတ်တောက်ခံထားရခြင်းကြောင့်လည်း ကုမ္ပဏီအခြေခံအလုပ်သမားများနှင့် ရေမဆေးကျောက်ရှာသူ ရွှေ့ပြောင်းအလုပ်သမားတို့၏ နစ်နာဆုံးရှုံးရမှုများကို လူသိရှင်ကြား ပြောဆိုခွင့် မရရှိကြကြောင်း အမည်မဖော်လိုသူ ဖားကန့်မြို့ခံ တစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ်သည် စစ်ကောင်စီက အင်တာနက်လိုင်းဖြတ်ထားပြီးနောက် အင်တာနက်လိုင်းအသုံးပြုလိုသူများအနေဖြင့် ဂြိုလ်တု စလောင်းဖြင့် အင်တာနက်ချိတ်ဆက်ထားသည့် ဆိုင်များတွင် တစ်နာရီ ငါးထောင်နှုန်းထိ အခကြေးငွေ ပေးသုံးရသော်လည်း ယခုနှစ်တွင် Oredoo ကြိုး Wifi ချိတ်ဆက်ထားသည့် ဆိုင်များတွင် တစ်နာရီ နှစ်ထောင်နှုန်း၊ အချို့ဆိုင်များတွင် သုံးထောင်နှုန်းဖြင့် ပေးသုံးကြရသည်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ယခင်ကတည်းက ကုန်ဈေးနှုန်းချိုသာမှု မရှိခဲ့သည့် ဖားကန့်သည် စစ်ကောင်စီလက်ထက် ငွေကြေးဖောင်းပွမှုနှင့်အတူ အခြေခံစားသောက်ကုန်မှအစ လူသုံးကုန်ပစ္စည်းများအထိ ဈေးမြှင့်တက်လျက်ရှိသော်လည်း ဈေးရောင်း ဈေးဝယ်များနှင့် ကုန်စည် စီးဆင်းမှုကလည်း ရပ်တန့်သွားခြင်း မရှိပဲ အရှိန်မပျက် လည်ပတ်နေဆဲပင်ဖြစ်သည်။
လုံးခင်းကျေးရွာ အောက်ဈေးတွင် ကုန်ခြောက်ပစ္စည်းများ ရောင်းဝယ်သူတစ်ဦးက “ပစ္စည်းတစ်ခုကို ရောင်းလိုက်ရင် ဝယ်တုန်းကဈေးထက်တော့ မြတ်တယ်၊ ကိုယ်ကပြန်ဝယ်တော့ ရောင်းလိုက်တဲ့ဈေးထက် ပိုပေးရတယ်၊ ဈေးတွေက မငြိမ်ဘူး၊ ဒါပေမယ့် အရောင်းအဝယ်တော့ ဖြစ်နေတာပါပဲ၊ ဈေးတွေမြှင့်နေသလို အိမ်ငှားခနဲ့ တခြားအခွန်အခတွေလည်း ပိုတိုးလာတယ်၊ ကိုယ်ကစုလိုက် ပေးလိုက်ရ ကုန်လိုက်နဲ့၊ လုပ်ရင်းကိုင်ရင်း စားသောက်ရတာက အမြတ်ပေါ့” ဟု ဆိုသည်။
ဖားကန့်ဒေသသည် စစ်ကောင်စီ တပ်မ(၃၃)၏ ရှေ့တန်းနယ်မြေတစ်ခုဖြစ်ပြီး ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေဖြစ်သည်။ ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များနှင့် ရှမ်းနီလက်နက်ကိုင်အဖွဲ့အချို့ ရှိသလို မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ မွေးဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့များလည်း ရှိသည်။