သတင်း

ယားယံမှု နှင့် ဖျားနာမှု ဖြစ်ပွားနေသော ကလေးငယ်များအတွက် ဆေးဝါးထောက်ပံ့ပေးရန် တောင်းဆို

ကလေးငယ်များတွင် အရေပြားယားယံမှု ဝေဒနာခံစားနေရသော တနိုင်း လီဒိုလမ်းတစ်လျှောက်ကျေးရွာများသို့ သွားရောက် ကုသနိုင်ရန်အတွက် ဆေးဝါး အရေးပေါ် ကူညီမှုလိုအပ်နေကြောင်း ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ ထံမှ သိရသည်။

လက်ရှိ တနိုင်း လီဒူလမ်းတစ်လျှောက်ကျေးရွာများရှိ ကလေးငယ်များတွင် အဖုအပိန့်ယားယံမှု ဝေဒနာများနှင့် အခြားဆိုးရွားသောရောဂါများကို မြင်တွေ့နေရသော်လည်း ဆေးဝါးလုံလောက်မှု မရှိသောကြောင့် ကူညီနိုင်ရန်ခက်ခဲနေသည်ဟု ကချင်ကျေးလက်ဒေသများသို့ ဆေးဝါး ကူညီကုသပေးနေသော Kachin Backpack Health Worker Team မှ တာဝန်ခံ Mr.Zet မှ KNG သတင်းဌာန ကို ပြောသည်။

ဘာရောဂါမှန်း ကောင်းကောင်းက မသိရပဲ၊ ကိုယ်ပူ အဖျားလည်းမြင့်ပြီး အကျတတ်နဲ့ ဆိုးဆိုးရွားရွား ဖျားနာနေကြတဲ့အဆင့်ဖြစ်တယ်။ ကျနော်တို့ ဟိုနေ့က ဒွမ်ဘန်ရွာမှာ တစ်နေ့ထဲနဲ့ လူက ၃၀၀ ကျော်ဖြစ်သွားတော့ ဆေးဝါးမလောက်တော့တာ။ အခုနေရာတကာမှာ ဖြစ်ပွားနေတယ်။ ကျနော်တို့လည်း သွားလို့တော့ရပေမဲ့ ဆေးဝါးမရှိဘူးဖြစ်နေတယ်။ ကလေးတွေမှာ ဖြစ်တဲ့ရောဂါဆိုရင် အစက တောရွာတွေမှာပဲဖြစ်တာ ခုဆို မြို့ထဲက ကလေးတွေထိပါ ကူးစက်ပျံ့နှံ့လာပြီ။ အဲ့တာကို အမြန်ဆုံး အရေးပေါ်အနေနဲ့ ကုသထိန်းချူပ်မှ ဖြစ်မယ်ဆိုပြီး ဆေးဝါးကုသဖို့သွားနေပေမဲ့ ဆေးဝါးကုန်နေတဲ့ အခက်အခဲဖြစ်နေတယ်။ဟု ပြောသည်။

လက်ရှိ လီဒူလမ်းမကြီးတစ်လျှောက်ရှိ ရပ်ကျေးရွာများတွင် ရာသီတုတ်ကွေးကြောင့် ကလေးငယ်အမြောက်အများ ဖျားနာနေကြပြီး စစ်ရှောင်စခန်းရှိ ကလေးများတွင်လည်း ရေကျောက်ကဲ့သို့ ရောဂါဝေဒနာတစ်မျိုး ခံစားနေကြရကြောင်း သိရသည်။

သို့သော်လည်း ဆေးရုံဆေးခန်းများ မရှိသည့်အပြင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများ မရှိသောကြောင့် ၎င်းဒေသရှိ ပြည်သူများ အခက်အခဲရှိနေသည်ဟု ဆိုသည်။

အဲ့ကလေးတွေကို ဆေးကုသပေးနိုင်ဖို့ဆိုလည်း ကလေးတစ်ယောက်အတွက် ဆိုပါစို့ ဆေးတစ်ဗူးမှာ စျေးနှုန်းက ၅၀၀၀ အထက်  သောင်းဝန်းကျင်ရှိနေတော့ ကျနော်တို့မှာလည်း အဲ့တာနဲ့ပတ်သက်တဲ့ဆေးလည်း မရှိနေတော့ ဘယ်လိုမှ မတတ်နိုင်ဘူး ဖြစ်နေတယ်။ ဆေးကုသပေးဖို့ လူအင်အားတော့ရှိပေမဲ့ ဆေးဝါးမရှိဘူးဖြစ်နေတယ်။” ဟု Mr. Zet က ဆက်ပြောသည်။

ကလေးငယ်အများအပြားတွင် တူညီသည့် လက္ခဏာအနေဖြင့် အရေပြားယားယံဝေဒနာ နှင့် ဖျားနာမှုဖြစ်ပွားနေသည်ဟု ဆိုသည်။

တနိုင်းမြို့နယ်တွင်းမှ ကလေးငယ်များတွင် ထိုရောဂါမျိုး ဖြစ်ပွားနေသည်မှာ  လခန့် ရှိလာပြီဖြစ်ပြီး Kachin Backpack အနေဖြင့် ဆေးဝါးကုသပေးနိုင်ရန် သွားရောက်နေသော်လည်း ကျေးရွာတစ်ခုတွင် လူဦးရာဂဏန်းကို ကုသပေးနေရသဖြင့် ဆေးဝါးလုံလောက်မှုမရှိလာသောကြောင့် တတ်နိုင်သည့် မိဘပြည်သူများအနေဖြင့် ပါဝင်ကူညီပေးပါရန် တောင်းဆိုသည်။

လက်ရှိ အရေးပေါ် လိုအပ်နေသည့် ဆေးဝါးများမှာ paracetamol tab 500mg – 10000 tab x 1000 ပါ (၁၀ဗူး )  vitamin C tab – 6000 tab x 1000 ပါ (  ဗူး ) mupirocin ointment – 400tub paracetamol syrub 200 cough syrub 200 စသည့်ဆေးဝါးများကို ဝယ်ယူကာ ကချင်နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin BackPack) သို့ ပေးပို့နိုင်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြို့နှင့်ဝေးကွာသော တောင်ပေါ်ဒေသကျေးရွာများမှ ကလေးသူငယ်များတွင် ကာကွယ်ဆေး ထိုးနှံနိုင်ခြင်းမရှိတော့သည့်အပြင် ဆေးရုံဆေးခန်းများလည်း မရှိတော့သဖြင့် ထိုသို့ ကူးစက်ပြန့်ပွားမှု မြန်ဆန်စွာ ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း Mr.Zet က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း ပူတာအိုဒေသ ကျေးရွာအများစုတွင် ကလေးသူငယ်များ၌ ထိုသို့ အဖုအပိန့်များ ပေါက်ပြီး ယားယံမှု ဝေဒနာ နှင့် ဖျားနာမှုများ ရှိခဲ့သည်။

Show More

Related Articles

Back to top button