မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ကချင် သမိုင်းဝင်ဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ရန် စီစဉ်နေမှုကို ဒေသခံများ ကန့်ကွက်

ပူတာအိုမြို့နယ် လန်းဒေါင်အုပ်စုရှိ ကချင်တစ်မျိုးသားလုံး တန်ဖိုးထားသင့်သော ဒေသအခေါ်  N’Dum Latep ဒေသတွင် မကြာမှီ လပိုင်းမှစတင်ကာ အကြီးစား ရွှေတူးဖော်မှုများပြုလုပ်ရန် ပြင်ဆင်နေသည့်အပေါ် ပူတာအိုဒေသခံများ ကန့်ကွက်နေကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ နှစ်ကုန်ပိုင်းမှစတင်ကာ N’Dum Latep ဒေသတွင် ဦးခေါ်သား နှင့် ဦးကျော်ဇင်မင်း လုပ်ရှင် ၂ ဦးတို့သည် ဘက်ဟို ၃ စီးဖြင့် မြေဧက ၁၀ ကျော်ခန့်ကို ရွှေတူးဖော်လိုက်ကာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

လာမည့် နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ အဆိုပါဒေသရှိ မြေဧက ၂ထောင်ကျော်ကို လုပ်ငန်းရှင် ၂ဦးအပြင် နောက်ထပ် လုပ်ငန်းရှင် ၂၀ ဦးခန့်ဖြင့် အကြီးစားရွှေတူးဖော်ရန် ပြင်ဆင်နေသည်ကို သိရသဖြင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦး KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

“နိုဝင်ဘာလ လောက်ကနေ ဒီနေရာမှာ အကြီးစားရွှေတူးဖော်ဖို့ စက်ယန္တရား အလုံးအရင်းတွေနဲ့ ဝင်လာဖို့လုပ်နေကြပြီ။ လုပ်ငန်းရှင်တစ်ချို့က စက်ယန္တရားတွေ သယ်ယူတာတွေလုပ်နေကြပြီ။ တစ်ချို့က ပူတာအိုထဲ လမ်းတဝက်မှာ ရောက်နေပြီလို့ သိရတယ်” ဟု ပြောဆိုသည်။

ရွှေလုပ်ကွက် လုပ်ကိုင်နေသည့် နေရာ

ထို့ကြောင့် အောက်တိုဘာလ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ N’Dum Latep နေရာသို့ ပူတာအိုရှိ လုံးစွတ်၊ ကောင်ကထောင်၊ လုန်ရှာယန်၊ ဆွမ်ပီယန်၊ နောင်ခိုင်၊ ဖတ်မာ၊ လုံဂါကောင်၊ လန်းဒေါင်၊ ရပ့်ဘော့ နှင့် နမ်ဘူယန်စသည့် ကျေးရွာ ၁၀ ခုခန့်က ကချင်လူထုများပူးပေါင်းကာ စီမံကိန်းရပ်တန့်ပေးရန် သွားရောက်ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

N’Dum Latep ဒေသသည် ကချင်လူမျိုးများ ဆင်းသက်ရာသမိုင်းကြောင်းတွင် အရေးပါခဲ့သောကြောင့် ထိုနေရာကို ဖျက်စီးစေမည့် ရွှေတူးဖော်မည့် စီမံကိန်းများကို ရပ်တန့်ပေးရန် သွားရောက်ကန့်ကွက်ခဲ့ကြသည်ဟု ကန့်ကွက်မှုတွင် ပါဝင်ခဲ့သော တာဝန်ရှိသူတစ်ဦး ယခုလိုပြောဆိုသည်။

“အင်ဒွမ်လတပ် ဆိုတာက ကျနော်တို့ ကချင်မျိုးနွယ်တွေ ဘိုးဘေးစဉ်ဆက် ဆင်းတက်လာခဲ့ကြတဲ့ ရေရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း သမိုးဝင် လမ်းနေရာတွေဖြစ်တယ်။ အခုအဲ့နေရာတွေအကုန်လုံးကို ရွှေတူးဖော်လိုက်ဖို့လုပ်နေကြတယ်။ ပူတာအိုဒေသမှာ ကျနော်တို့ ကချင်လူမျိုးတွေသာ ရှိနေသရွေ့က ဒီနေရာက ပျောက်သွားလို့မရသလို အလွန်အရေးပါတဲ့ နေရာတစ်ခုဖြစ်တယ်။ ဘယ်သူမှ ဒီနေရာမှာ ရွှေတူးဖော်ဖို့ခွင့်ပြုပေးလို့မရဘူး” ဟု ပြောဆိုသည်။

N’Dum Latep ဒေသတွင် တရားမဝင်ရွှေတူးဖော်မှုရပ်တန့်ပေးရန် ပူတာအို ဒေသခံများ အင်အားပြ သွားရောက်ကန့်ကွက်

ဒေသခံများ၏ ကန့်ကွက်မှုကို လက်မခံဘဲ ရွှေတူးဖော်မှု ဆက်လက်မည်ဆိုပါက တရားစွဲဆိုမှုများ ပြုလုပ်သွားမည့်အပြင် အမည်ပျက်စာရင်းထည့်သွင်းသည့်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဟု သူက ဆက်ဆိုထားသည်။

ရွှေတူးဖော်မှု ကန့်ကွက်သည့် လှုပ်ရှားမှုကို ပူတာအို ဂျိန်းဖောရိုးရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ပြီး ကန့်ကွက်မှုတွင် ‘ကချင်လူမျိုးများ၏ သမိုင်းဝင်အမွေအနှစ် Ndum Latep ပတ်ဝန်းကျင် မြေနေရာအတွင်း သစ်မခုတ်ရ၊ ရွှေသတ္တုမတူးဖော်ရ၊ မကျူးကျော်ရ’ စာသားပါ ဆိုင်းဘုတ်များ သွားရောက်စိုက်ထူခဲ့သည်ဟု သိရသည်။

N’Dum Latep ဒေသသည် လန်းဒေါင်အုပ်စုတွင်ပါဝင်သော အင်ဖီဂါး၊ ရှိန်ဂိုင်ယာန်၊ ဖဂန်းယာန် နှင့် ကနိုင်ယာန် ကျေးရွာများကို ခေါ်ဆိုခြင်းဖြစ်သည်။

အဆိုပါဒေသတွင် ပြီးခဲ့သော ၂၀၁၃-၂၀၁၄ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများမှာ ပူတာအိုမြို့ ဘက်သို့ စစ်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထိုစစ်ရှောင်များသည် လုံးစွတ်ရပ်ကွက် စစ်ရှောင်စခန်းတွင် ၉ နှစ်ခန့်အကြာ နေထိုင်ခဲ့ကြပြီး လုံခြုံရေးအရ နေရပ်သို့ ပြန်နိုင်ခြင်းမရှိတော့သည့်အတွက် ပူတာအိုမြို့နှင့် ၁၃ မိုင်ခန့်ဝေးသော စီဒမ်းကျေးရွာသို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ အကူအညီဖြင့် စစ်ရှောင်ပြန်လည်ထူထောင်ရေးအဖြစ် ရွေ့ပြောင်းနေထိုင်ခဲ့ကြသည်။

စစ်ရှောင်များ နေရပ်မပြန်နိုင်တော့သည့်နောက်ပိုင်း ထိုဒေသတွင် လုပ်ငန်းရှင်များက ရွှေတူးဖော်နိုင်ရန် စီစဉ်ခဲ့ကြပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် စစ်ကောင်စီတို့ထံ တောင်းဆိုခဲ့ကြသည်။

ထိုဒေသတွင် ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်မှစတင်ကာ ရွှေတူးဖော်ရန် စီစဉ်လာခဲ့ပြီး ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရွှေတူးဖော်မှုများ ယာယီရပ်နားခဲ့ကြောင်း သိရသည်။

သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တဖန် ရွှေတူးဖော်ခွင့်ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO တာဝန်ရှိသူများက တရားဝင် လွတ်လပ်စွာ တူးဖော်ခွင့် ပြုလိုက်သည့်အခြေအနေ ဖြစ်လာသည်ဟု စစ်ရှောင်တစ်ဦးက ယခုလိုပြောဆိုသည်။

“အခုသူတို့ တဖန်နိုင်ငံရေး ရှုတ်ထွေးနေတာကို အခွင့်ကောင်းယူပြီး အဲ့မှာရှိနေတဲ့ အာဏာရှိတဲ့သူတွေက လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး ရွှေတူးဖော်ဖို့ ပြန်လုပ်လာကြတာဖြစ်တယ်။ အခုဆို ထိန်းလို့မရတော့ဘူး ကျနော်တို့တွေ ဘယ်လောက်ပဲ ကန့်ကွက် ကန့်ကွက် သူတို့က လုပ်မှာပဲ။ အဲ့ကြောင့် အခု စစ်ရှောင်တွေက မြေယာတွေ ပြန်ရောင်းပေးလိုက်ရတဲ့ အထိဖြစ်လာနိုင်တယ်” ဟု ပြောဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ရွှေတူးဖော်ရန်အတွက် မြေနေရာခွဲဝေပေးသည်ဟု လုပ်ငန်းရှင်များက ပြောဆိုကြောင်းနှင့် စစ်ကောင်စီထံလည်း အခွန်ထည့်ဆောင်ရကြောင်းသိရသည်ဟု ဒေသခံများ KNG ကို ပြောသည်။

Show More

Related Articles

Back to top button