တိုက်ပွဲသတင်း

ချောင်းဦးနယ်တွင် တစ်ပတ်အတွင်း လူနေအိမ် ၃၀၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၄ဦးနှင့် ထောက်ပို့ရဲဘော် ၂ဦး သတ်ဖြတ်ခံရဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ လူနေအိမ် ၃၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ ၄ဦး နှင့် PDF ထောက်ပို့ ရဲဘော် ၂ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ချောင်းဦးနယ် မယ်သဲကြိုးကွင်း ကျေးရွာရှိ နေအိမ် ၇၉လုံး၊ ၁၄ ရက်နေ့တွင် မှန်ချိုကျေးရွာ နေအိမ် ၃ လုံးနှင့် ၁၅ ရက်နေ့တွင် ငါးလုံးတင်နှင့်မထိသားကျေးရွာ ၂ခုမှ နေအိမ် ၂၃၃ လုံး စုစုပေါင်း ၃၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရသည် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဦး KNG ကိုပြောသည်။

“နေအိမ်တွေ မီးရှို့ခံရတာ ၃၀၀ ကျော်ရှိသွားပြီ လုံးဝပြောင်တလင်းခါသွားတာပဲ အခုဆိုပြာပုံပဲကျန်တော့တယ်။ ၁၁ ရက်နေ့က မယ်သဲကြိုးကွင်းရွာက စရှို့ခံရတာဟုတ်တယ်။ စစ်သားတွေက ရွာထဲမှာ တပ်စွဲထားပြီးတော့ ရှို့နေတာ”ဟုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည့်အပြင် အရပ်သားပြည်သူ ၄ ဦးနှင့် ထောက်ပို့ရဲဘော် ၂ဦးလည်း မီးရှို့သတ်ဖြတ်ထားသည်ကို မြင်တွေ့ရသည်ဟု သူကဆက်ဆိုသည်။

“မီးရှို့ သတ်ဖြတ်ခံရတဲ့ ထောက်ပို့ ရဲဘော် ၂ယေယာက် ငါးလုံးတင်ကျေးရွာကဟုတ်တယ်။ သူတို့ ၂ယောက်နဲ့ အတူတူမီးရှို့ခံထားရတဲ့ တစ်ယောက်က ဘယ်ကမှန်းမသိရဘူး။ နောက်တစ်ယောက်က မှန်ချိုကျေးရွာထိပ်မှာ သတ်ဖြတ်ခံထားရတာ တစ်ယောက်တွေ့တယ်။ အဲ့တစ်ယောက်လည်း ဘယ်ကလည်း ဘယ်သူမှန်းမသိဘူး။ နောက်ဆုံးတစ်ယောက်က ဆင်မြေကျေးရွာက ဒေသခံလို့ပြောတယ်”ဟုဆိုသည်။

မှန်ချိုကျေးရွာထိပ်တွင် သတ်ဖြတ်ခံထားရသည့် သူသည် အသက် ၄၀ နှစ်အရွယ်ရှိသူဖြစ်ပြီး ရဲဘော် ၂ဦးနှင့် ဆင်မြေကျေးရွာတွင် သတ်ဖြတ်ခံရသူမှာ အသက် ၃၀ ကျော်အရွယ်ရှိသူများဖြစ်ကြကာ ကျန်ရှိသည့် ၂ဦးမှာ မည်သူမည်ဝါများဖြစ်ကြောင်းကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ သည် အောက်တိုဘာလ ၄ ရက်နေ့နှင့် ၇ရက်နေ့တွင် မုံရွေးကြေးမုံနှင့် ခင်မွန်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့သည့်အဖွဲ့ဖြစ်သည်ဟုသိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ မီးရှို့ဖျက်ဆီးလိုက်သည့် မြန်မာတစ်ဝှမ်းလုံး ရှိနေအိမ် ၃၆,၂၀၉ လုံးထက်မနည်းမီးလောင်ဆုံးရှုံးမှုရှိခဲ့ပြီး စစ်ကိုင်းတိုင်းတွင် မီးရှို့ခံရမှု အများဆုံး ဖြစ်သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ(ISP-Myanmar) က စက်တင်ဘာလ ၂၀ ရက်နေ့ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button