တိုက်ပွဲသတင်း

ရွှေကူ တစ်ဖက်ကမ်းဘက် စစ်အင်အား ၂၀၀ ကျော်ထပ်မံတိုးချဲ့ပြီး လက်နက်သံများကြားရဟုဆို

ရွှေကူမြို့၏ အရှေ့ဘက်ခြမ်း ဧရာဝတီမြစ်ကမ်းတစ်ဖက်တွင် စစ်ကောင်စီတပ်များ စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ယနေ့နံနက်ပိုင်းမှ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရကြောင်း ရွှေကူဒေသခံများထံမှသိရသည်။

ရွှေကူနယ် ကျောက်ကြီးနှင့် ပေါက်ကုန်း ကျေးရွာ ၂ခုတွင် နိုဝင်ဘာလ ၅ ရက်နေ့အတွင်းမှ စစ်အင်အား ၂၀၀ ကျော် ရောက်ရှိနေသည့်အပြင် ယနေ့နံနက်ပိုင်းတွင်လည်း ရွှေကူမြို့ဘက်မှ စစ်ကား ၄ စီးဖြင့် စစ်အင်အား ၂၀၀ ထပ်မံဖြည့်တင်းလာပြီး  လက်နက်သံများ ပြန်ကြားရသည်ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

ကျောက်တစ်လုံးနဲ့ပေါက်ကုန်းကြားမှာ စစ်အင်အား ၂၀၀ လောက်ရှိနေတယ်။ အဲ့ဘက်ကနေ လက်နက်သံတွေကြားရတယ် သူတို့ပဲ ရမ်းပစ်တာလား တိုက်ပွဲပဲ ဖြစ်နေတာလား သေချာမသိဘူး။ အဲ့ဒီဘက်ကို စစ်ကား ၄ စီးပြန်သွားလိုက်ပြီ စစ်အား ၂၀၀ လောက်ရှိတယ်။ စစ်အင်အား ထပ်ဖြည့်ဖို့ဟုတ်တယ်ဟုပြောဆိုသည်။

ယနေ့နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် လက်နက်ကြီးသံ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်သံကြားရပြီး ကျောက်ကြီးကျေးရွာနှင့် ပေါက်ကုန်းကျေးရွာဘက်တွင် ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် ကျေးရွာနေပြည်သူများသည် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်းသိရသည်။

ရွှေကူမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှ ဆက်သွယ်ရေး MPT ဖုန်းလိုင်းများကို ဖြတ်တောက်ခံထားရပြီး စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေကြောင်း ဒေသခံများပြောဆိုသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၅ ရက်နေ့ မှ ၆ ရက်နေ့အထိ ကသာဘက်သို့ ဆင်သွားမည့် စစ်ရိက္ခာသယ် သင်္ဘော ၇ စီး ရွှေကူဆိပ်ကမ်းတွင် ညအိပ်ခဲ့ရာတွင် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်း ရေလဲကျေးရွာဘက်သို့ ဦးတည်ကာ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ ကြက်၊ ဝက်၊ နွားများထိမှန်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button