သတင်း

တနိုင်း လမုန်ကျေးရွာတွင် ပြည်သူ့စစ်ဖြစ် ရပ်တည်နိုင်ရေး ဦးရွှေမင်းအဖွဲ့များ ကြိုးပမ်းနေ

ဝိုင်းမော်မြို့နယ်တွင် အပြင်းအထန် ကန့်ကွက်မှုခံနေရသော ဦးရွှေမင်း ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြို့နယ် လမုန်ကျေးရွာ (Lamung)ဘက်တွင် ပြန်လည်ရပ်တည်နိုင်ရေး ကြိုးပမ်းနေသည်ဟု သိရသည်။

လီဆူ လူမျိုးအများစုနေထိုင်သည့် လမုန်ကျေးရွာဘက်သို့ ရွှေ့ပြောင်းမည်ဟု ဦးရွှေမင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ တင်ပြတောင်းဆိုထားသည့်သတင်းကို ကြားသိရသည်မှာ တစ်လကျော်လာပြီဟု လမုန်ကျေးရွာ ဒေသခံတစ်ဦးက KNG ကို ပြောသည်။

ဦးရွှေမင်းကို ဝိုင်းမော်ဘက်က ပြည်သူတွေ မလိုလားလို့ ကန့်ကွက်ကြတော့ မပခ ကနေ နေရာရွှေ့ပြောင်းဖို့ လုပ်လာ ကြတာထင်တယ်။ သိရသလောက် ဦးရွှေမင်းက ဒီတနိုင်းဘက်ကို ပြန်ပြီးအခြေစိုက်ဖို့ တောင်းဆိုထားတယ်တဲ့။ အဲ့ကြောင့် မြောက်ပိုင်းတိုင်းကနေ တနိုင်း ဒကစ ကိုပြောတယ်။ အခုအဲ့မှာရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့က အလုပ်မလုပ်ဘူး စစ်ရေးလှုပ်ရှားတာတွေလည်းမရှိဘူး။ အင်အားလည်းနည်းတယ်။ အင်အားကြီးတဲ့ ရွှေမင်းအဖွဲ့ကို အဲ့ဘက်နေရာပြန်ချပေးမယ်ဟု ညွန်းကြားထားကြောင်း ပြောဆိုသည်။

လက်ရှိ လမုန်ကျေးရွာတွင် ဦးယောဘခေါ် (ခီဖာဝူ) ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည်လည်း ပြည်သူ့စစ်အင်အား ၂၀ ဝန်းကျင်ခန့်ဖြင့် စုဖွဲ့မှုရှိနေပြီး ၎င်းတို့ကို အင်အား ၈၀ ကျော်အထိ ရှိလာအောင် ပြန်လည်စည်းရုံးရန် စစ်ကောင်စီ တနိုင်းဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)မှ လမုန်ပြည်သူ့စစ်ခေါင်းကို ညွှန်ကြားထားသည်ဟုလည်း သိရသည်။

ဦးယောဘ (ခီဖာဝူ) ကိုယ်တိုင် လမုန်ကျေးရွာဘက်သို့ ဦးရွှေမင်းဦးဆောင်သော အဖွဲ့များ ရောက်မလာနိုင်အောင် စစ်ကောင်စီ တနိုင်း ဒကစ မှ ညွန်ကြားသည့်အတိုင်း ၎င်း၏ပြည်သူ့စစ်တပ်တွင် လူအင်အားများလာအောင် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု လမုန်ဒေသခံတစ်ဦးက KNG ကို ပြောသည်။

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းမှစတင်ကာ ဝိုင်းမော် မြို့ပြင် ဝူယာန်ကျေးရွာ ကားလမ်းမကြီးနဘေး နံနက်စျေးအထက် အုပ်ချုပ်ရေးရုံး ကပ်ယက်တွင် စခန်းတည်ဆောက်ခဲ့ပြီး ဖြတ်သန်းသွားလာသူများထံမှ ငွေကြေးကောက်ခံခဲ့သည်။

ထို့နောက် ယခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နောက်ပိုင်း KIA နှင့် PDF အဖွဲ့တို့ရှိသည့် ဝါရှောင်ကျေးရွာအနီး နန်ဇော်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်များနှင့်ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ဝူယာန်ပြည်သူ့စစ် (ဒေသအခေါ် လီဆူပြည်သူ့စစ်) အဖွဲ့အနေဖြင့် ၁ နှစ် ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများတွင် အောင်မြင်မှု မရှိသည့်အပြင် ဝိုင်းမော်ဒေသခံပြည်သူများ၏ ကန့်ကွက်မှုကြုံနေရသဖြင့် ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းဘက်သို့ ဖြစ်လာနိုင်သည်ဟု ဝိုင်းမော်ဒေသခံ အမျိုသားတစ်ဦးက ယခုလိုသုံးသပ်ပြောဆိုထားသည်။

ဒီ တစ်နှစ်တောအတွင်းမှာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့တွေက တော်တော်လေးကြိုးစားကြည့်ကြတယ် ဒါပေမယ့် သူတို့ထင်သလောက် အောင်မြင်မှု မရဘူးလို့မြင်တယ်။ အဲ့ကြောင့်လည်း အခုလို တနိုင်းဘက်ကို ရွှေ့ပြောင်းဖို့ဆိုတာက လည်းဖြစ်နိုင်ပါတယ်။ ဟိုဘက်မှာက သူတို့နဲ့ အမြင်တူတဲ့အဖွဲ့တွေလည်း ရှိနိုင်တယ်။ ဒီဘက်မှာက များတော့ အားဖြင့်က ကန့်ကွက်ကြတယ်ဟု ပြောဆိုသည်။

ဝိုင်းမော်တွင် ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့ ရောက်လာသည့်နောက်ပိုင်း ဒေသခံပြည်သူများကြား အချင်းချင်း လူမျိုးရေးအငြင်းပွားမှု ပြဿနာများ ပိုမိုရှုပ်ထွေးလာသည်ကို ကြုံတွေ့ မြင်တွေ့လာရသည်ဟု သူက ဆက်ပြောသည်။

ပြည်သူ့စစ်အဖွဲ့တွေရှိလာလို့ ကျနော်တို့ အဖွဲ့အစည်းကြားနဲ့ လူမျိုးရေး ဆက်ဆံရေးတွေ ပိုခက်ခဲလာတယ်။ နေရာတိုင်းမှာ ခွဲခြားဆံဆက်တဲ့ ပြောဆိုမှုတွေ ပိုများလာတယ်။ အရင်တုန်းက နက်နက်နဲနဲ ရှိခဲ့တဲ့ အရာတွေလည်း အပေါ်ယံပေါင်းသင်းဆက်ဆံရေးတွေ ကြုံလာရတယ်။ အဲ့ဒါတင်မကဘူး သွားလာရေးတွေမှာလည်း အရမ်းခက်ခဲလာတယ်။ စစ်တပ်နဲ့ ရင်းနှီးတဲ့သူတွေအတွက်တော့ အခက်အခဲမရှိပေမယ့် သာမန်ပြည်သူတွေအတွက်တော့ ခွဲခြားဆက်ဆံခံရတယ်ဟု ပြောဆိုသည်။

လမုန်ပြည်သူ့စစ်အဖြစ် ဦးရွှေမင်းအဖွဲ့များ ပြန်လည်နေရာယူရန် ကြိုးပမ်းနေသည့်အခြေအနေနှင့် ပတ်သက်ပြီး ဦးရွှေမင်းကို KNG သတင်းဌာနမှ ၃ ကြိမ်ထက်မနည်း ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပါ။

လက်ရှိ ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ နယ်မြေဖြစ်သော ဝိုင်းမော်တွင် စခန်းချနေထိုင်သလို ပူတာအိုနှင့် အခြားဒေသသို့ သွားလာသော စစ်ကောင်စီ၏ စစ်ကြောင်းများတွင်လည်း ပါဝင်လှုပ်ရှားနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button