မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ကျောက်စိမ်း တူးဖော်မှုကြောင့် အင်းတော်ကြီး – ဖားကန့်လမ်းပိုင်း ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နှင့် အင်းတော်ကြီးဒေသကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ် အနီး ဝှေခါကျေးရွာနှင့် မှော်ကလုံ ကျေးရွာဧရိယာတွင် ကျောက်စိမ်းတူးဖော်မှုကြောင့် လမ်းထိခိုက်ပျက်စီးလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။

အောက်တိုဘာ လဆန်းပိုင်းကတည်းက အဆိုပါဒေသတွင် စက်ယန္တာရားကြီးများဖြင့် ကျောက်စိမ်းတူးဖော်လာသည့်အတွက် အင်းတော်ကြီးဖားကန့် လမ်းပိုင်းပျက်စီးလာပြီး အသွားအလာ ခက်ခဲသွားမည်ကိုဒေသခံများက စိုးရိမ်နေကြသည်။

အဲ့ဘက်ဝှေခါဘက်မှာက အခုမှစလုပ်လာတာ မိုးတွင်းဆိုအဲ့ဘက်ကလုပ်လို့မရဘူး။ အခုပွင့်လင်း ရာသီဝင်လာလို့ သူတို့တွေစလုပ်လာနေကြတာ တကယ်ဆို အဲ့မှာကလုပ်ကိုမလုပ်သင့်ဘူးဗျ ဘာလို့ ဆိုရင် လမ်းပြိုကျတာတို့ဘာတို့ဆိုရင် အကုန်လုံး ညအသွားအလာခက်ခဲ သွားနိုင်တယ်။ တခြားအစားထိုး လမ်းတစ်ခုခု ဖောက်ပေးထားတာမျိုးရှိတယ် ဆိုရင်တော့ တမျိုးပေါ့ အခုကအဲ့လိုလည်းမရှိဘူး” ဟု ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဝှေခါ ၊ မှော်ကလုံကျေးရွာ ဧရိယာတွင် စက်ယန္တာရားကြီးနှင့် ကျောက်စိမ်း တူးဖော်နေမှုမှာ နေရာကွက်ကျားရှိနေပြီး လမ်းဧရိယာနှင့် ပေ ၅၀၀ အထက်တွင်တူးဖော်နေပြီး ပိုမိုနီးကပ်လာပါက အများပြည်သူ သွားလမ်းမကြီး ပျက်စီးသွားမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အခုတောင်မှ တချို့နေရာတွေက မြေစာတွေ ကျောက်ခဲတွေနှင့် ပြည့်နေတာ ဖုန်ကတထောင်း ထောင်းနဲ့ သွားရလာရအရင်လို အဆင်မပြေတော့ဘူး။ မိုးတွင်းဆို ပိုဆိုးဖို့ပဲရှိတယ် ရွံတွေထူလာမှာ အခုထက်ပိုပြီး လမ်းဧရိယာထဲ ရောက်လာရင်တော့ စက်ယန္တာရားတွေနှင့် တူးတာဆိုတော့ မြေပြိုဘာညာဖြစ်လာမှာဟု ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။

ဝှေခါနဲ့ မှော်ကလုံကျေးရွာ ဧရိယာတွင် စက်ယန္တာရားဖြင့် တူးသည့်လုပ်ကွက် ၅ ခု ထက်မနည်းရှိပြီး အထူးသဖြင့် ညဘက် တူးဖော်နေမှုကြောင့် ဆူညံသံများဖြစ်စေခြင်း၊ လူဦးရေ ထူထပ်လာသည်နဲ့အမျှ လောင်ကစားဝိုင်း များလာခြင်း၊ လူမှုရေး ပြသာနာများလာခြင်း စသည့် ပြဿနာများကို ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။

ထို့အပြင် အဆိုပါလမ်းမကြီးသည် မိုးညှင်း နှင့်ဖားကန့်မြို့ ခရီးသွားများနှင့် ကုန်သွယ်စီးဆင်းမှုအတွက် အဓိက လမ်းပိုင်းဖြစ်သောကြောင့် လမ်းပိုင်း ပျက်စီးလာပါက ဒေသခံများ အခက်အခဲများစွာ ကြုံတွေ့နိုင်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းကာ ယခုကဲ့သို့ စနစ်မကျသော ကျောက်စိမ်းတူးမှုများ ပိုမိုကျယ်ပြန့်လာပြီး လူနေအိမ်ဧရိယာ၊ လမ်းဧရိယာအထိမကျန် ကျောက်စိမ်းတူးဖော်မှုများ ရှိလာခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button