သတင်း

ပူတာအိုတွင် ဝက်နာကြောင့် ဒေသဝက်သားများ ဝယ်မရသည့်အထိ ရှားပါးနေ

ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုဒေသတွင် ဝက်နာကြောင့် ဒေသဝက်သားရှာမရတော့သည့်အထိ ရှားပါးနေပြီး တစ်ပိသာလျှင် ကျပ် ၁၀၀၀၀ ကျော်အထိ ပေးဝယ်နေရကြောင်း သိရသည်။

ပူတာအိုမြို့ပေါ် နှင့် မြို့နှင့်နီးသည့် ကျေးရွာများတွင် ၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်းမှ စတင်ကာ ရောဂါကူးစက်မှုကြောင့် ဒေသဝက်များ သေဆုံးနှုန်းမြင့်မားခဲ့သည်။ ထို့ကြောင့် လက်ရှိ ပူတာအိုဒေသတွင် မြစ်ကြီးနားမှ တင်သွင်းသည့် မွေးမြူရေးဝက်သားတစ်ပိသာကို ကျပ် ၁၃၀၀၀ အမြင့်ဆုံး ပေးဝယ်နေရကြောင်း ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက်တွင် စားသောက်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

အရင်ကတော့ ဝက်သားချက်ဟင်းတစ်ထုပ်ဆိုရင် ၁၀၀၀ ပဲ အခုက ဝက်သားတွေဒီမှာဝယ်လို့မရတော့ဘူး။ ဝက်ခုံတွေပါပိတ်ထားတယ်၊ မြစ်ကြီးနားကပဲယူရတော့ ချက်ဟင်းတစ်ထုပ် ၂၀၀၀ ဖြစ်သွားပြီ။ ရောင်းဖို့တောင်အားနာတယ် consumerတွေကိုဟု ပြောသည်။

လက်ရှိ ပူတာအိုတွင် စီးပွားဖြစ်ရောင်းချနိုင်သည့် ဝက်ကောင်ရည်များ လုံးဝမျိုးတုန်းသွားသည့်အတွက် ဆုတောင်းပွဲ၊ မဂ်လာဆောင်ပွဲ၊ အလျှူပွဲနှင့် အခြားသာရေး နာရေးအတွက်အသုံးလိုသူများသည် ဝက်အစား နွားကို စျေးကြီးပေးဝယ်နေရသည့်အတွက် အခက်အခဲ ဖြစ်နေကြောင်းလည်း သိရသည်။

ဝက်က ဒီပူတာအိုမှာဝယ်လို့ကိုမရတော့တာ၊ လိုချင်ရင် မချမ်းဘော့တို့ မြို့နဲ့ဝေးနဲ့ရွာတွေမှာ တစ်ကောင်နှစ်ကောင်တော့ ရနိုင်တယ်။ ဒါပေမယ့်သူတို့လည်း မရောင်းဘူးတဲ့ မနည်းတောင်းပန်ပြီးဝယ်တာတောင်မရနိုင်တဲ့အခြေအနေဖြစ်သွားပြီ။ အဲ့ကြောင့်ခုက ပွဲတို့ဘာတို့ တစ်ခုခုအတွက်လိုရင်နွားပဲ နွားတစ်ကောင်က ၁၀ သိန်းအထက်ရှိတယ် မရှိတဲ့လူဆိုရင် သာရေး နာရေးဖြစ်လာရင်တော့ အရမ်းခက်တာဟုတ်တယ်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပူတာအိုတွင် ဝက်နာကြောင့် ယခုနှစ် ဝက်မွေးသူများ အရှူံးပေါ်ခဲ့ရသည့်နောက်ပိုင်း ဒေသဝက်မွေးမြူသူ မရှိသလောက် နည်းပါးသွားသည့်အတွက် လာမည့် နှစ်ကုန်ပိုင်းအထိ ပူတာအို၌ ဒေသဝက် ရှားပါးနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆို နေကြသည်။

ပူတာအိုနှင့်အလားတူ ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ အင်းတော်ကြီး၊ တနိုင်းနှင့် အခြားမြို့ရွာများတွင်လည်း ဝက်နာကျသည့်ရောဂါ ကူးစက်ပြန့်ပွားခဲ့သောကြောင့် ဝက်မွေးမြူသူများ မကြုံဖူးသည့်အရှူံးများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

Show More

Related Articles

Back to top button