သတင်း

နန်းမားကျေးရွာတွင် ဒုရဲအုပ် ၂ ဦးကို PDF နှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးတရားစွဲဆို

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ် ၂ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF အဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးအမှုဖွင့်ခံထားရကြောင်း ဒေသခံများထံမှသိရသည်။

နန်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးကျော်(ရဲအမှုစစ်)နှင့် ဒုရဲအုပ်သွင်အောင် (နယ်ထိန်း) ၂ ဦးတို့ကို ပြီးခဲ့သော ၂ ပတ်ခန့်အကြာက မြစ်ကြီးနား ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ မေးမြန်းရန်ရှိသည်ဟု တိုက်ရိုက်ခေါ်ယူ ဖမ်းဆီးခဲ့ပြီး PDF အဖွဲ့နှင့် ဆက်သွယ်သည်ဟု အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုထားသည်ဟု နန်းမား ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။

ဒုရဲအုပ် ၂ ယောက်စလုံးကို ဖမ်းဆီးပြီးမှ အမှုဖွင့်ထားပါတယ် သူတို့ ၂ ယောက်ကို အလုပ်အကြောင်းပြပြီး တိုက်ရိုက်ခေါ်ယူဖမ်းဆီးလိုက်တယ်လို့သိရတယ်။ ရဲအုပ်မျိုးကျော်ကိုအရင်ခေါ်တာ သူ့ကိုခေါ်ပြီး နောက်နေ့ နယ်ထိန်း သွင်အောင်ကိုယ်ထပ်ခေါ်တယ်။ ပြန်မလွတ်တော့ဘူး တစ်ခါတည်း ဖမ်းထားလိုက်တာ သူတို့ရဲကားမောင်းသမားတွေတောင် တစ်ပတ်လောက်ကြာမှပြန်လွတ်ပေးတယ် အခုတော့အမှုဖွင့် ထားပြီးတဲ့ဟုပြောဆိုသည်။

လက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် ဒုရဲအုပ် ၂ ဦးကို မြစ်ကြီးနားထောင်သို့ ပို့ဆောင်ထားပြီဖြစ်သည်။

ဒုရဲအုပ်သွင်အောင်နှင့် ဒုရဲအုပ်မျိုးကျော်တို့သည် အာဏာမသိမ်းမှီကတည်းက နန်းမားကျေးရွာတွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြပြီး ၂ ဦးစလုံးသည် ဒေသခံပြည်သူများနှင့် လူမှုဆက်ဆံရေး ရရှိသူများဖြစ်ကြသည်ဟု ဒေသခံများပြောသည်။

ဒုရဲအုပ်မျိုးကျော်က နန်းမားသူနဲ့ အိမ်ထောင်ကျထားတာလေ အရင်ကတည်းကလည်း ဒီမှာတာဝန်ကျနေကြတာ မျိုးကျော်တော့ အာဏာသိမ်းပြီး ဆွမ်ပရာဘွမ်ဘက်မှာ ခဏပြောင်းရွှေ့လိုက်တာ ပြန်ရောက်လာတာ တစ်လလောက်ပဲရှိသေးတယ် သူတို့နှစ်ယောက်က ဒေသခံတွေနဲ့ အရမ်းအဆင်ပြေကြတယ်ဟုပြောဆိုသည်။

စစ်ကောင်စီဘက်မှ အဆိုပါ ဒုရဲအုပ် ၂ ဦးကို PDF အဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြောဆိုပြီး ဖမ်းဆီးတရားစွဲထားသော်လည်း PDF အဖွဲ့နှင့် ဆက်သွယ်မှုရှိမရှိ အသေးစိတ်မသိရသေးပါ။

Show More

Related Articles

Back to top button