သတင်း

ကန့်ဘလူမြို့န့ယ် အောက်တဲကျေးရွာတွင် နှမ်းရိတ်နေသော ပြည်သူ ၅ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အောက်တဲကျေးရွာတွင် နှမ်းအငှားရိတ်နေသော ပြည်သူ ၅ ဦးကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် ကိုးတောင်ဘို့ အထိုင် ခမရ-၃၆၃ စစ်ကြောင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ကောလင်းမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းကာမီးရှို့ပြီး ကန့်ဘလူမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာရာမှ ယခုလို ပြည်သူ ၅ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့က ကောလင်းမြို့နယ်ကနေ ကန့်ဘလူကိုပြန်လာတဲ့ ကိုးတောင်ဘို့အထိုင်စစ်ကြောင်းပါ။ အဲ့ဒီကနေ အောက်တဲဘက်ကို ၉ နာရီ ဝန်းကျင်မှာ ရောက်လာတယ်။ အဲ့မှာ ကြံချက်ဖိုကနေအလုပ်သမားတွေက ဒီနေ့ကြံချက်တာနားတော့ နှမ်းလှိုင်းတွေကို ရိတ်နေတာပေါ့ အဲ့ဒီကနေဖမ်းဆီးခံရတာပါ”ဟု ဒေသခံတစ်ဦး က ဆိုသည်။

ဖမ်းဆီးခံရသည့် ပြည်သူ ၅ ဦးမှာ ဇီးကနားကျေးရွာမှ အသက် ၅၀ ဝန်းကျင် နှင့် အသက် ၃၀ ဝန်းကျင် အမျိုးသားနှစ်ဦး၊ မိဿလင်ကုန်း ကျေးရွာမှ အသက် ၅၀ ကျော်အမျိုးသား ၁ ဦး၊ ဇော်ချောင်းကျေးရွာမှ အသက် ၅၀ ကျော် ၁ ဦးနှင့် ကိုင်းမ ကျေးရွာမှ အသက် ၂၀ ဝန်းကျင်အမျိုးသားတစ်ဦး တို့ဖြစ်ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်တစ်စုံတစ်ရာ မရရှိသေးကြောင်း သူက ဆက်ပြောသည်။

၎င်းစစ်ကြောင်းသည် ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် အောက်တဲကျေးရွာနှင့် ၂ မိုင်ကျော်အကွာရှိ ပေါက်ဆိန်ကုန်းကျေးရွာ ကို ပစ်ခတ်ဝင်ရောက်ကာ တပ်စွဲနေထိုင်နေသည်ဟု ဒေသခံများထံမှသိရသည် ။

ထို့ကြောင့် ပေါက်ဆိန်ကုန်းကျေးရွာအနီးရှိ သင်တောကျေးရွာ၊ ကံကြီး ကျေးရွာ၊ ဝက်သအင်းကျေးရွာ ပုဏ္ဏားကြီးကျေးရွာ စသည့် ကျေးရွာ ၄ ရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရပါသည်။

Show More

Related Articles

Back to top button