သတင်း

ဗန်းမော်တွင် မီတာကြေး မပေးသည့် နေအိမ်များကို စစ်တပ်က မီတာဘောက်များ လိုက်လံဖြုတ်သိမ်းနေ

ဗန်းမော်မြို့တွင် မီတာခမဆောင်သည့် နေအိမ်ရှိ မီတာဘောက်များကို စစ်ကောင်စီတပ်က နှစ်ရက် ဆက်တိုက် လိုက်လံဖြုတ်သိမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်သား၊ ရဲတပ်ဖွဲ့နှင့် EPC ဝန်ထမ်း စုစု ပေါင်း အင်အား ၂၀ ကျော်ပါဝင်သော အုပ်စုသည် စစ်ကား တစ်စီးဖြင့် တစ်အိမ်ဝင် တစ်အိမ်ထွက် မီတာမဆောင်နိုင်သည့် နေအိမ်များကို မီးတာဘောက်များ ဖြုတ်သိမ်းနေကြောင်း ဗန်းမော်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”မနေ့ကတော့ ခွန်သာရပ်ကွက်မှာ ဖြုတ်နေတာ ဒီနေ့ကတော့ မနက် ၉နာရီလောက်ကနေ ပေါက်ကုန်းရပ်ကွက်ထဲမှာ လိုက်ဖြုတ်နေပြီ။ ကျနော်သိရသလောက် ၄ ၊ ၅၊ ၁၀ အိမ်လောက်တော့ဖြုတ်သွားတယ်။ ဒီမနက် တခြားဘယ်နအိမ်လောက် ဖြုတ်သိမ်းသွားလဲတော့ မသိရဘူး။ သူတို့နောက်တောက်လျှောက်ကြီး လိုက်ကြည့်လို့လည်းမရဘူးလေ”ဟု ပြောသည်။

စစ်ကောင်စီသည် မီတာကြေးကောက်ခံရာတွင် ယခင် ၂၀၂၁ ခုနှစ် ကိုဗစ်ကာလ မီတာကင်းလွတ်ခွင့် ပေးထားသည့် ကာလများကိုပါ ထည့်တွက်ပြီး ခန့်မှန်း ငွေနှုန်းဖြင့် အတင်းပေးဆောင်ဆိုင်းနေသည်ဟု ဆိုသည်။

”သူတို့က မီတာလုံးဝမဆောင်တဲ့အိမ်တွေကို မီတာစာရွက်တွေနဲ့တစ်ခါတည်းဝင်တာ မီတာစာရွက်လည်း ၇ရွက်၊ ၈ရွက်လောက်ရှိတယ်။ အရင်ကိုဗစ်တုန်းက ဆောင်စရာမလိုဘူးဆိုပြီး ကင်းလွတ်ခွင့်ပေးတဲ့ဟာကို ခန့်မှန်းရေးပြီး ယူလာတာထင်တယ်။ တစ်ချို့အိမ်တွေက တစ်သိန်း တစ်သိန်းခွဲပဲ တချို့ကျတော့ လေးသိန်း ငါးသိန်းဆိုတော့ တခါတည်း မဆောင်နိုင်ဘူး။ အဲ့ကြောင့်မီတာဘောက်ဖြုတ်သိမ်းခံလိုက်ကြရတာပဲ”ဒေသခံတစ်ဦးက ပြောသည်။

ယခု ဖြုတ်သိမ်းခံရသည့် မီတာဘောက်များကို ပေးဆောင်ရမည့် မီတာခများအားလုံး တစ်ပါတည်းပေးဆောင်ပါက ပြန်လည် တပ်ဆင်ပေးမည်ဟု ပြောဆိုသွားကြောင်း သိရသည်။

ဗန်းမော်တွင် ယခုနှစ် စက်တင်ဘာလတွင်လည်း အောင်သာရပ်ကွက် ၊ ဟန်တဲရပ်ကွက်၊ ရွှေပြည်သာ၊ မြို့သစ်ရပ်ကွက် ၊ နောင်ခိုရပ်ကွက်များရှိ မီတာမဆောင်သည့် ပြည်သူများ၏ မီတာဘောက်များကို စစ်တပ်က လိုက်လံဖြုတ်သိမ်းခဲ့ဖူးသည်။

ပြည်သူများ၏ မီတာဘောက်ဖြုတ်သိမ်းခြင်း မကြာခဏပြုလုပ်နေသည့် ဗန်းမော် EPC ရုံးကိုလည်း ဗန်းမော်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က မိုင်းခွဲသတိပေးမှု နှစ်ကြိမ်အထိ ပြုလုပ်ခဲ့ပြီဖြစ်သည်။

Show More

Related Articles

Back to top button