ရွေးကောက်ပွဲဆိုင်ရာသတင်း

စစ်တပ်က ၂၀၂၃ ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောမှုများ စတင်လုပ်‌ဆောင်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ် လက်အောက်ခံ ဌာနဆိုင်ရာများ စုပေါင်းကာ ၂၀၂၃ ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောမှုများ စတင်လုပ်ဆောင်နေကြကြောင်း စုံစမ်းသိရှိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် လာမည့် ၂၀၂၃ ရွေးကောက်ပွဲတွက် ဗန်း‌မော်မြို့နယ်တွင် ဦးစားပေး နယ်‌‌မြေ ၄ ခု သတ်မှတ်ထားပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့မှစကာ ရပ်ကျေးဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောမှုများ လုပ်ဆောင်နေကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“မိုးဖိန်းရွာမှာ ၂၃ ရက်နေ့က လူစုခိုင်းပြီးတော့ ရွေးကောက်ပွဲစည်းရုံးရေးဆင်းတာလို့ပြောတယ်။ ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲလိမ်တာ မဲ မသာမာမှုတွေရှိခဲ့တယ်ဆိုပြီး ဒါတွေပြောသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်မှ ဦးစားပေးသတ်မှတ်ထားသည့် နယ်မြေများမှာ ဗန်းမော်မြို့ပေါ်ရပ်ကွက်များအပါအဝင် တာမိုင်းလုံ မှ နောင်လိုက်အထိ ဖြစ်ပြီး ဗန်းမော်အနောက်ဘက်မြစ် ကမ်းနဘေးရှိ ကျေးရွာများ၊ မံဖာရွာ မှ မံရွတ်ရွာများဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်လည်း တာမိုင်းလုံကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်း ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“သူတို့စစ်တပ်နဲ့ နီးစပ်သူတွေအများဆုံးနေတဲ့နေရာတွေကို ဦးစားပေးနယ်မြေသတ်မှတ်ပြီး စည်းရုံးရေးလုပ်နေတာ။ ခုဆက်တိုက် စည်းရုံးရေးဆင်းဖို့ကို ပြင်နေပြီလို့ သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်း ၁၁၅၀၄၀၇ ရှိသည့်အနက် ဗန်းမော်ခရိုင်တွင်း မဲပေးခွင့်ရှိသူ ၂ သိန်းခွဲပါဝင်ကြောင်း သိရသည်။

Show More

Related Articles

Back to top button