သတင်း

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကချင်ပြည်နယ် မိုးညှင်းမြို့တွင်းရှိ မြို့မ အလယ်တန်းကျောင်းဝင်းအတွင်း ယနေ့နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုအပြီး မြို့တွင်း ပစ်ခတ်သံများ အဆက်မပြတ်ပြန်လည်ကြားရသည်ဟု မိုးညှင်းဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

ပေါက်ကွဲတာက မြို့မအလယ်ကျောင်းမှာဟုတ်တယ်။ ဘယ်အဖွဲ့အစည်းက ဘယ်လိုလုပ်ပြီး ဘယ်လိုကွဲသွားမှန်းမသိလိုက်ရဘူး။ ပေါက်ကွဲတာပဲသိတယ် တခြား ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်ကို မသိရသေးဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့က silent strike နေ့ဆိုတော့ အပြင်မထွက်ကြဘူးလေဟုပြောသည်။

ထို့နောက် မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့များကလည်း အနီးပတ်ဝန်းကျင် ထန်းတပင်ကျေးရွာဘက်သို့ လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းသိရသည်။

ယနေ့ ဗုံးဖောက်ခွဲခံရမှုသည် စစ်ကောင်စီအဖွဲ့၏ လက်ချက်သာ ဖြစ်ပြီး မိုးညှင်းတော်လှန်ရေးအင်အားစုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း Mohnyin Revolution Force ယခုလို ပြောသည်။

မြို့မထဲက ဖုန်းဆက်လာလို့ သိရချင်း မြေပြင်စုံစမ်းမှုတွေလုပ်ခဲ့တယ် စကစဘက်က လုပ်တာဆို‌တာကို သတင်းတိတိကျကျ ရထားတယ်ဟု Mohnyin Revolution Force မှ တာဝန်ရှိသူက ယခုလိုပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြို့မ အလယ်တန်းကျောင်းသည် မိုးညှင်းမြို့တွင်း စည်ပင်ရုံ၊ ရဲစခန်း၊ လျှပ်စစ်ရုံးနှင့် ပြည်သူ့ဆေးရုံးအနီးတဝိုက်တွင်တည်ရှိပြီး ထိုနေရာများတွင် စစ်ကောင်စီအဖွဲ့က လုံခြုံရေးတင်းကြပ်ထားသည့် နေရာလည်းဖြစ်ကြောင်းဒေသခံများကဆိုသည်။

Show More

Related Articles

Back to top button