တိုက်ပွဲသတင်း

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသည့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၈ နှင့် တပ်မဟာ ၉ နယ်မြေများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများ သုံးသပ်ပြောဆိုနေကြသည်။

အလားတူ KIO/KIA ဗဟိုဌာနချုပ်မှလည်း ကချင် စစ်ကိုင်းနယ်စပ် KIA တပ်မဟာ ၈ နှင့် ၉ ဒေသများတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုအပေါ် တန်ပြန် ပစ်ခတ်ရန် ညွန်ကြားထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ KIA တပ်မဟာ ၉ အောက် တပ်ရင်း ၂၆၊ ၆ နှင့် ၄၄ တို့သည့် တစ်ချိန်တည်း နေရာ ၃ခုတွင် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေ အင်းတော်၊ ကသာ နှင့် ထီးချိုင့် စသည့်ဒေသများတွင်လည်း စစ်ကောင်စီတပ်ကို KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်မှုများ ပုံမှန်ဖြစ်ပွားလျက်ရှိနေသည်။

စစ်ကောင်စီတပ်မှ ကချင်ပြည်နယ်သို့ စစ်ရိက္ခာပို့ဆောင်ရာတွင် အဓိကအရေးပါသော ဧရာဝတီမြစ်ကြောင်းနှင့် ကားလမ်းမဖြတ်သန်းရာ KIA တပ်မဟာ ၈ နယ်မြေဖြစ်သော ကသာ၊ ရွှေကူမြို့နယ်၊ အင်းတော်၊ မိုးညှင်းလမ်းပိုင်းတို့တွင် ယခုနှစ်အတွင်း တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည်ဟု KIA နှင့် နီးစပ်သော မိုးညှင်းဒေသခံတစ်ဦးက KNG ကို ပြောသည်။

“KIA တပ်မဟာ ၈ နယ်မြေဆိုတာက စစ်ကိုင်းတိုင်းအထက်ပိုင်း နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကို ဆင်းဖို့အတွက် ဒီနေရာကို ကျော်ဖြတ်ရမယ်ဖြစ်တယ်။ ပြီးရင် ဒီနေရာတွေမှာ PDF အဖွဲ့တွေက နယ်မြေစိုးမိုးနိုင်ဖို့အတွက် စစ်ရေးအရ ပုံမှန်လှုပ်ရှားသွားနေရတဲ့နေရာတွေဖြစ်တယ်။ အဲ့လိုပဲ စစ်ကောင်စီဘက်ကနေလည်း တိုက်ပွဲတွေ ဆင်နွှဲလာလိမ့်မယ်။ ဒါကြောင့် ဒီနေရာတွေမှာက တိုက်ပွဲမဖြစ်နိုင်ဖို့လို့ပြောလို့မရဘူး။ပြီးရင် ၂၀၂၃ မှာလည်း NUG က်နေ တော်လှန်အရှိုန်မြင့်တင်ဖို့ကြေညာထားတယ်။ တိုက်ပွဲက လျော့သွားဖို့မရှိဘူး ဒီထက်ပိုဆိုးလာဖို့ပဲရှိတယ်။ ဒါပေမယ့် ကျေးရွာတွေကိုရှောင်ပြီးတော့ စစ်ရှိတဲ့နေရာမှာတော့ တိုက်ပွဲဆင်နွှဲကြလိမ့်မယ်ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကချင်စစ်ကိုင်းနယ်စပ်ဒေသ အင်းတော်၊ ကသာနှင့် ထီးချိုင့် ဒေသတို့တွင် စစ်ကောင်စီတပ်နှင့် KIA PDF ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲများ အကြိမ်ရေများစွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် တန်ပြန်ဗုံးကျဲတိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်းရှိခဲ့သည်ဟု ထိုဒေသရှိကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်မှ သိရသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းတိုက်ခိုက်ခြင်းသာမက နေအိမ်မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သောကြောင့် ကျေးရွာပေါင်း ၂၂ ရွာမှ စစ်ရှောင်ဦးရေ တစ်ထောင်ကျော်အထိရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ကသာမြို့နယ် မိုးတားလေးကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၇ ဦး ကျည်ထိမှန်သေဆုံးသွားပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

အင်းတော်၊ ကသာနှင့် ထီးချိုင့် နယ်မြေတို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း ၃၅ တပ်ဖွဲ့ စစ်ရေးလှုပ်ရှာသည့် နေရာဖြစ်သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ စစ်တိုင်းဒေသ () အဖြစ် သတ်မှတ်ထားသော နေရာလည်း ဖြစ်သည်။

ထိုသို့ စစ်တပ်၏ အဓိကထောက်ပို့လမ်းကြောင်းဖြစ်သော တပ်မဟာ ၈ နယ်မြေတွင် စစ်ရေးတင်းမာနေသလို၊ KIA တပ်မဟာ ၉ နယ်မြေဖြစ်သော ဖားကန့် နှင့် ထိစပ်သော စစ်ကိုင်းဘက်ခြမ်းရှိ မြို့နယ်များတွင်လည်း တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA တပ်မဟာ ၉ လက်အောက်တွင်ရှိသော ကာမိုင်း ဖားကန့်လမ်း တပ်ရင်း ၄၄ နယ်မြေ၊ စစ်ကိုင်းအစပ် ဟုမ္မလင်းဒေသ တပ်ရင်း ၃၁ ၊ ကျောက်စိမ်းထွက်ရှိရာ တပ်ရင်း ၆ နှင့် ဆယ်ဇင်းစစ်ကိုင်းဘက်ခြမ်း တပ်ရင်း ၂၆ စသည့် ဒေသတို့သည် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် KIA တပ်ရင်း ၂၆ နယ်မြေ ဆယ်ဇင်းဒေသတွင် စစ်ကောင်စီတပ် နှင့် KIA တို့ကြား ၁ ပတ်ခန့်အကြာ တိုက်ပွဲပြင်းထန်းခဲ့ပြီးနောက်  စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်စခန်းတစ်ခုကို KIA ဘက်ကသိမ်းပိုက် ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ဆယ်ဇင်းဒေသရှိ နေအိမ် ၄၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

KIA တပ်ရင်း ၂၆ နယ်မြေသည် ထိတွေ့တိုက်ပွဲအများဆုံးဖြစ်ပြီး အဓိကအားဖြင့် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းဖက်မှ စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပုံမှန်လုပ်ဆောင်နေသောကြောင့် ဖြစ်ကြောင်း စစ်ရေးလေ့လာသူများပြောသည်။

ထိုသို့ တပ်မဟာ ၉ တပ်ရင်း ၂၆ တိုက်ပွဲများတွင် အရေးနှိမ့်သော စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၂၃ ရက်ညတွင် ဖားကန့်မြို့ အနန့်ပါ (A Nang Pa) ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သဖြင့် လူထု ၆၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သည်။

သို့သော်လည်း တပ်မဟာ ၉ ဌာနချုပ် တပ်ရင်း ၆ နယ်မြေဖြစ်သော ဖားကန့်ဒေသသည် ကျောက်စိမ်းလုပ်ငန်းမှ စစ်ကောင်စီ နှင့်အတူ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများအတွက် ဝင်ငွေရ စီးပွားရေး လမ်းကြောင်း ဖြစ်နေသဖြင့် တိုက်ပွဲဖြစ်ပွားရန် လွယ်ကူသည့် ဒေသတစ်ခုဖြစ်သည်ဟု အမည်မဖော်လိုသူ ဖားကန့် ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

အားလုံးသိတဲ့အတိုင်း တပ်မဟာ ၉ နယ်မြေက ပုံမှန် တိုက်ပွဲတွေဖြစ်ပွားနေတာက အချိန်ကာလတစ်ခုအကြာ ဖြစ်နေပါပြီ။ အဓိကတော့ သယံဇာတထွက်ရှိတဲ့နေရာဖြစ်နေလို့လည်းဟုတ်တယ်။ ဒီလိုနေရာကို KIA ဘက်ကလည်း သူပိုင်ဆိုင်ထားတဲ့ နေရာဒေကိုတော့ လက်လွတ်ခံမှာ မဟုတ်သလို အာဏာသိမ်းတဲ့အဖွဲ့ဘက်ကလည်း မရရတဲ့ နည်းနဲ့ နယ်မြေစိုးမိုးနေမှာပဲ။ ဒါကြောင့် စစ်ရေးက အခုဖြစ်ပွားနေတာက ပိုဆိုးလာဖို့ပဲရှိတယ်ဟုပြောသည်။

လက်ရှိ ဖားကန့်တွင် နေ့စဉ် လူသတ်မှု၊ လူသေမှုနှင့် ဖမ်းဆီးမှုများ ဖြစ်စဉ် ပုံမှန်ဖြစ်ပွားနေပြီး ရှေ့ဆက်လည်း ပိုများလာမည့်အခြေအနေဖြစ်သည်ဟု ဒေသခံများ သုံးသပ် ပြောဆိုသည်။

KIA တပ်မဟာ ၈ နှင့် ၉ ဒေသများတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုများကို တန်ပြန် ပစ်ခတ်ရန် ညွန်ကြားထားသည်ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက KNG ကို ဖြေဆိုထားသည်။

တပ်မဟာ ၈ နယ်မြေက PDF အဖွဲ့တွေနဲ့ စစ်ကူအဖြစ်ဆောင်ရွက်ပေးနေတာရှိတယ်။ အဲ့ကြောင့် အဲ့နေရာဘက်တွေမှာဆို ပိုပြီး တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်တယ်။ ပြီးရင် တပ်မဟာ ၉ နယ်မြေကလည်း ဒီလိုပဲ စစ်တပ်ကနေ ကျနော်တို့ KIO အဖွဲ့တွေရဲ့ ဝင်ငွေတွေကို ပိတ်ဆို့ပေးဖို့ လုပ်ဆောင်နေတာတွေရှိတယ်။ ပြီးတော့ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်တယ်။ အဲ့ကြောင့် ဒီနေရာတွေမှာ စစ်တပ်ဘက်ကနေ ထိုးစစ်ဆင်တာတွေလုပ်လာရင် ပစ်မိန့်ပေးထားတယ်ဟုပြောသည်။

ဖားကန့် ဒေသ နှင့် ကချင်စစ်ကိုင်းအစပ်ဒေသ နယ်မြေတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးမှု ရှိလာသဖြင့် ပြီးခဲ့သည့် နှစ်အတွင်း စစ်ကောင်စီ၏ တပ်စခန်း နေရာအချို့ကို KIA နှင့် PDF တို့မှ သွားရောက်တိုက်ခိုက်မှုများရှိခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း နောက်ထပ် တိုက်ပွဲပြင်းထန်ခဲ့သော နေရာများမှာ တပ်မဟာ ၃ နယ်မြေ မိုးမောက်မြို့အနီး လုံဂျာဘွမ်တိုက်ပွဲ၊ တပ်မဟာ ၅ အောက် တပ်ရင်း ၃ နန်ဇော်ယန်တိုက်ပွဲနှင့် တပ်မဟာ ၁ ဆွမ်ပီယန်တိုက်ပွဲတို့ဖြစ်သည်။

ကချင်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ၊ ၂၀၂၂ ခုနှစ် ၂ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် အကြိမ်ရေ ၁၂၀၀ ဝန်းကျင်အထိရှိခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောဆိုခဲ့သည်။

Show More

Related Articles

Back to top button