သတင်း

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား နဲ့ ဖားကန့်မြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေး ပိုမိုတင်းကြပ်လာနေတဲ့အတွက် ပြည်သူများ သွားလာရေးအခက်အခဲ ပြဿနာကြုံတွေ့နေရတယ်လို့ ပြောဆိုနေကြပါတယ်။

ယခုရက်ပိုင်း စစ်ကောင်စီတပ်တွေဟာ မြို့တွင်းရပ်ကွက်ရှိ လမ်းကြားတွေမှာ ကင်းပုန်းချထားပြီး လက်နက်အပြည့်အစုံနဲ့ လမ်းသွားလမ်းလာတွေကို တားမြစ်စစ်ဆေးနေတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ မြစ်ကြီးနား ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။

တစ်ခါတစ်လေကျရင် အရမ်းစိတ်တိုချင်တယ် လူတိုင်းကအရေးအကြောင်း သွားလာရတာမျိုးလည်းရှိတယ်။ အချိန်လုပြီးသွားနေရတဲ့အချိန်လည်းရှိတယ် အဲ့ဒါကို သူတို့မှာ စစ်လို့ကိုမပြီးဘူး စိတ်အနှောက်အယှက်အရမ်းဖြစ်တယ်လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တစ်ချို့မှာ သန်ခေါင်စာရင်းလိုက်လံစစ်ဆေးတာတွေပြုလုပ်နေသလို ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ အကြောင်းပြုကာ သွားလာတဲ့ ပြည်သူများကို မင်္သကာမှုနဲ့ ဖမ်းဆီးခံရတာတွေလည်း ရှိနေလို့ ဆက်ဆိုထားတယ်။

ဘေးနားအိမ်ကို ညသန်းခေါင်ကြီး ၁ နာရီကျော်လောက်မှာ ဝင်စစ်တာ အိမ်လာဌားနေတဲ့ လင်မယား ၂ ယောက်ကို မင်္သကာလို့ဆိုပြီး ဖမ်းခေါ်သွားတာတဲ့ မနက်ကျတော့ ပြန်လွှတ်ပေးခဲ့တယ်။ ပြီးရင် မနက်ပိုင်းစျေးသွားတဲ့ စျေးသည်တွေကိုပါမကျန် စစ်ဆေးတယ်လို့ ပြောပါတယ်။

လက်ရှိမှာလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ DJ KTV လမ်းထိပ်မှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ပေါ်မှာရှိကြတဲ့ ရမ်ပူ၊ ခေမာသီရိ၊ ယုဇန၊ မြို့သစ်ကြီး အစရှိတဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီအဖွဲ့က အင်အားအလုံးအရင်းနဲ့ ညစဉ်ပုံမှန် တားမြစ်စစ်ဆေးတာတွေပြုလုပ်နေသလိုမြို့တွင်းအများပြည်သူသွားလာတဲ့နေရာတွေမှာ Slow Down များလုပ်ထားသည်ကိုလည်း တွေ့မြင်ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ ကချင်ပြည်နယ်ရဲ့ မြို့နယ်တစ်ချို့တွေမှာ ည ၉ နာရီနောက်ပိုင်းကနေ မနက်ပိုင်း ၄ နာရီအထိ သွားလာတာတွေ မပြုလုပ်ကြဖို့ ထုတ်ပြန်ကြေညာထားပါတယ်။

အလားတူ ဖားကန့် မြို့တွင်းနေရာတွေမှာလည်း နေ့ခင်းအချိန် လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေသည့်အပြင် လမ်းသွားလမ်းလာ ပြည်သူများကို နေရာမရွေး စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဖားကန့်ဒေသခံများပြောပါတယ်။

ဖားကန့်မှာက နေ့ခင်းဆိုရင် ကွက်ကြားစစ်တာတွေလုပ်တယ်။ ညဆိုရင် သူတို့စစ်တဲ့အချိန်မရပ်ပေးရင် တစ်ခါတည်းပစ်သတ်ခံရတာပဲ။ အခုနောက်ပိုင်းက အရင်လိုမဟုတ်တော့ဘူး။ ပိုခက်လာတယ် ဖားကန့်မှာဆို လူကများတော့ ဘယ်သူဖမ်းမှန်းလည်းမသိ ဖမ်းခံလိုက်ရတဲ့သူတွေရှိတယ်လို့ ဖားကန့် ဒေသခံတစ်ယောက်ပြောပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ဖားကန့် လုံးခင်းရပ်ကွက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ စစ်သားတွေက လူငယ် ၂ ဦးကို ပစ်သတ်လိုက်တဲ့ ဖြစ်စဉ်ရှိခဲ့သလို အကြောင်းမဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူတွေ ၈၀ ကျော်ထက်မနည်းရှိလာပြီလို့ လည်း ဖားကန့် တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

စစ်ကောင်စီတပ်မှ ယခုလို လုံခြုံရေးတင်းကြပ်လာခြင်းဟာ မြစ်ကြီးနားမြို့ ဖားကန့်မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများ မကြာခဏ တိုက်ခိုက်ခံရတဲ့အတွက် ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြပါတယ်။

Show More

Related Articles

Back to top button