သတင်း

ဖားကန့်တွင် ဆီပန့်ဆိုင်အားလုံးနီးပါး ပိတ်ထားပြီး ဓာတ်ဆီပြတ်လပ်မှု ဖြစ်ပေါ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဆီပန့်ဆိုင်အားလုံးနီးပါး ပိတ်ထားပြီး ဓာတ်ဆီပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်းသိရသည်။

ဖားကန့်မြို့ပေါ်၊ လုံးခင်းကျေးရွာနှင့် အခြားနေရာများတွင် လွန်ခဲ့သည့် ၅ ရက်ခန့်မှစတင်ကာ ဆီပန့်ဆိုင်များစတင်ပိတ်ခဲ့ရာ  လက်ရှိအချိန်တွင် ဆီပန့်ဆိုင်အားလုံးနီးပါး ပိတ်ထားကြောင်းနှင့် ဓာတ်ဆီပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း လုံးခင်းကျေးရွာမှ အမျိုးသား တစ်ဦးက KNG ကို ပြောသည်။

ဒီနေ့တော့အားလုံးနီးပါးပိတ်ထားတယ်ဗျ။ မနေ့ကတော့တစ်ဆိုင်နှစ်ဆိုင်ဖွင့်တာရှိတယ်။ ဒါတောင် တစ်နေကုန်မဖွင့်ဘူး။ အချိန်ပိုင်းပဲဖွင့်တာ ဖားကန့်လုံးခင်း တမြို့နယ်လုံးလို့ ပြောလို့ရတယ်။ ဒီဘက်ကတော့ အားလုံးနီးပါး ပိတ်ထားကြပြီဟုပြောသည်။

ယမန်နေ့အထိ လုံးခင်းကျေးရွာမှ ဆီဆိုင် ၂ ဆိုင်နှင့် ဖားကန့်မြို့ပေါ်မှ ဆီဆိုင် ၃၊ ၄ ဆိုင်ခန့်သာ မနက်ပိုင်းဖွင့်ထားပြီး ယနေ့ အားလုံးနီးပါး ပိတ်နေကြောင်း ပိတ်ထားသည့်ဆိုင်များတွင် ဒီဇယ်ဝယ်ယူ၍ရသော်လည်း ဓာတ်ဆီဝယ်ယူ၍ မရကြောင်း ဒေသခံများထံမှသိရသည်။

ဓာတ်ဆီမရတော့ဆိုင်တွေကပိတ်ထားတယ်။ ဒီဇယ်ကအဲ့လောက် အသုံးမပြုကြဘူးလေ။ ဓာတ်ဆီကလောလောဆယ် လမ်းဘေးဆိုင်တွေမှာ ပုလင်းချိန်ရတယ်။ ဒါပေမယ့်အများကြီးမရဘူးဟုဖားကန့်မြို့နေအမျိုးသားတစ်ဦးက ပြောသည်။

အပြင် ပုလင်းချိန်ရောင်းသည့်ဆိုင်များတွင် တစ်ပုလင်း ၃၀၀၀ မှ ၄၀၀၀ အထိရှိပြီး ဒီဇယ်မှာ တစ်ဂါလံ ၁၄၀၀၀ ရှိကြောင်း သိရသည်။

ဖားကန့်ဒေသရှိ  ရွှေစင်ဝင်း၊ ကြယ်စင်လင်း၊ ထိပ်တန်းအောင် ၊ တော်ဝင် အစရှိသည့် ဆီပန့်ဆိုင်များ ယနေ့ အထိ အားလုံးပိတ်ထားကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ဆီပန့် ဆိုင်များပိတ်ထားခြင်းမှာ စစ်ကောင်စီက ဖေဖော်ဝါရီ ၆ ရက်နေ့မတိုင်မှီ ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီကား အဝင်ပိတ်ထားသောကြောင့်ဟုသိရပြီး လက်ရှိ ဆီလက်ကျန်ကုန်နေသဖြင့် ဆီပန့်ဆိုင်များအားလုံးနီးပါးပိတ်ထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီအပါ အခြားကုန်စည်များခရီးသည်များဝင်ရောက်နိုင်သည့် လမ်းကြောင်းမှာမိုးညှင်းအင်းတော်ကြီးဖားကန့်လမ်းနှင့် မိုးကောင်းနန့်ယားဖားကန့်လမ်း ၂ လမ်းသာရှိပြီး မိုးညှင်းအင်းတော်ကြီးဖားကန့်လမ်းကိုမှုစစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ်ထားသည်။

Show More

Related Articles

Back to top button