သတင်း

ဒေါ့ဖုန်းယန် ဒေသခံတစ်ဦး မိုင်းနင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် ယမန်နေ့ ၄ နာရီခွဲအချိန် ဒေသခံအမျိုးသားတစ်ဦး ဟင်းရှာထွက်သွားရာမှ မိုင်းတစ်လုံး နင်းမိပေါက်မှုဖြစ်ပွားခဲ့သဖြင့်  အသက်အန္တရယ်စိုးရိမ်ရသည့်အထိ ပြင်းထန်ဒဏ်ရာ ရရှိထားသည်ဟု ဒေသခံများထံမှ သိရသည်။

မိုင်းနင်းပေါက်ကွဲခံရသော အမျိုးသားသည် ဒေါ့ဖုန်းယန်မြို့၏ အရှေ့ဘက်ခြမ်း ၅ မိုင်ခန့်အကွာရှိ အင်ဒုန်ဒဘန် Ndung Dabang (ဒေသအခေါ်) နေရာဘက်သို့ ဟင်းရှာထွက်သွားရှာစဉ် မိုင်းနင်းပေါက်ကွဲမှုကြောင့် သူ၏ ကိုယ်ပေါ် ၃ နေရာတွင် မိုင်းစထိမှန်ခဲ့သည်ဟု ဒေါ့ဖုန်းယန်ဒေသခံတစ်ဦး KNG ကိုပြောသည်။

ပြောကတာ ဟင်းရွက်တွေသွားကောက်တယ်လို့ပြောတယ်။ သူရဲ့ ဘယ်ဘက်ခြမ်းပေါင်တစ်ဖက်နဲ့ လက်တစ်ဖက်မှာ ထိသွားတယ်။ ပြီး နားရွက်တစ်ဖက်လည်းထိတယ်။ တော်တော်စိုးရိမ်ရတဲ့အခြေနေမှာရှိတယ်ဟုပြောသည်။

မိုင်းနင်ပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိထားသည့်သူမှာ အသက် ၅၀ နှစ်အရွယ် ဦးမရန် နော်ဆိုင်းခေါ်သူဖြစ်ပြီး လက်ရှိ ပြင်းထန်စွာ ရရှိထားသည့်အတွက် ဆေးကုသခံယူနေရကြောင်း သိရသည်။

လက်ရှိ မိုင်းနင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သော တောတွင်းနေရာတစ်ဝိုက်သည် စစ်ကောင်စီတပ်နှင့် KIA တို့ ပုံမှန် သွားလာလှုပ်ရှားသောနေရာဖြစ်သောကြောင့် မည်သည့်အဖွဲ့က ထောင်ထားသည့် မိုင်းဖြစ်ကြောင်းကို တိတိကျကျပြောဆိုရန် ခက်ခဲသည်ဟု ဒေသခံများ ပြောသည်။

အဆိုပါ အင်ဒုန်ဒဘန်ဘက်တွင် ဒေသခံပြည်သူများ နှစ်စဉ် မိုင်းနင်းပေါက်မှုကြုံတွေ့နေရသည့်အတွက်ကြောင့် ပြီးခဲ့သောနှစ်အနည်းငယ်က အမည်းရောင်နယ်မြေအဖြစ်သတ်မှတ်ထားသည့်အတွက် ပြည်သူများသွားလာခြင်း မပြုရန် တားမြစ်ထားသည့်နေရာဖြစ်သည်ဟုလည်း သိရသည်။

၂၀၂၂ ခုနှစ်တွင်လည်း ယခုဖြစ်စဉ်ကဲ့သို့ ဟင်းရှာထွက်သည့် ပြည်သူ ၂ ဦး မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

Show More

Related Articles

Back to top button