မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

သမိုင်းဝင် N’dum Latep တွင် အကြီးစားရွှေတူးဖော်နေမှု အမြန်ရပ်တန့်ရန် တတိအကြိမ် ထပ်မံ သတိပေး

ပူတာအိုမြို့နယ် လန်းဒေါင်အုပ်စု ကချင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော သမိုင်းဝင်နေရာ N’dum Latep (အင်ဒွမ်လတပ်တွင် အကြီးစားရွှေတူးဖော်နေသော လုပ်ငန်းရှင်များ တစ်ပတ်အတွင်း အမြန်ထွက်ခွာသွားရန် ဒေသခံများ သွားရောက် သတိပေးခဲ့သည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် ထိုနေရာတွင် စက်ယန္တရားဖြင့် ရွှေတူးနေမှုကို ရပ်တန့်ပေးရန် ယခင်နှစ်က ဒေသခံများ သွားရောက် ကန့်ကွက်ခဲ့ဖူးသော်လည်း ရပ်တန့်ခြင်းမရှိသောကြောင့် ပြီးခဲ့သည့်အပတ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပူတာအို ဒေသခံ ၅၀ ဦးခန့်ဖြင့် တတိယအကြိမ် သွားရောက် ဆန္ဒပြထုတ်ဖော်ကာ သတိပေးခဲ့သည်ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ပူတာအိုဒေသခံတစ်ဦးက KNG ကို ပြောသည်။

အဲ့ဒီနေရာမှာ ရွှေတူးဖော်နေကြတဲ့ လုပ်ငန်းရှင်တွေကို ထွက်သွားကြဖို့ အရင် ၂ ခေါက်လည်း သွားပြောခဲ့တယ်။ ဒါပေမယ့် မထွက်ဘူး ဆက်တူးနေကြတယ်။ အဲ့ကြောင့် တစ်နေ့က ပြန်ပြီးတော့ ထွက်မှာလား မထွက်ဘူးလား မထွက်ဘူးဆိုရင် စက်ဆိုင်းတွေအကုန်လုံး ငါတို့ရွှေ့ပေးလိုက်မယ်လို့ သွားပြောတော့ သူတို့ရွှေ့ပေးမယ်တဲ့။ တစ်ပတ်အတွင်း ရွှေ့ပေးဖို့ပြောထားတယ်။ တကယ်လို့မရွေ့ဘူးဆိုရင် တရားဥပဒေအရ လုပ်တော့မယ်လို့ သတိပေးခဲ့တယ်ဟုပြောသည်။

သွားရောက်ကန့်ကွက်ခဲ့ကြသည့် ပူတာအိုဒေသခံပြည်သူများ

N’dum Latep တွင် ရွှေတူးဖော်မှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ ဦးခေါ်သားနှင့် ကျော်ဇင်းမင်း လုပ်ငန်းရှင် ၂ ဦးမှ စတင်ခဲ့သည်။ သို့သော်လည်း လက်ရှိတွင် လုပ်ငန်းရှင် ၈ ဦး ထက်မနည်း တိုးချဲ့လာသည့်အပြင် မြေဧက ၁၀၀ ကျော်ကိုလည်း တူးဖော် ဖျက်ဆီးလိုက်ကြပြီဟု သိရသည်။

ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သောအဖွဲ့မှာ ပူတာအို ဂျိမ်းဖော့စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅၊ ၁၆ ရက်တွင် ပထမအကြိမ်၊ ဒီဇင်ဘာလ ၂၅၊ ၂၆ တွင် ဒုတိယအကြိမ် နှင့် ယခု ၂၀၂၃ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တတိယအကြိမ်အဖြစ် သွားရောက် ဆန္ဒပြထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထိုနေရာတွင် ရွှေတူးဖော်မှုကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ခွင့်ပြုထားသောကြောင့် အဆိုပါ ရွှေတူးဖော်မှုကို အမြန်ဆုံး ရုတ်သိမ်းပေးရန် ဒေသခံများသည် KIO ထံသို့ စာတင်ပြတောင်းဆိုထားသည်ဟုလည်း ဆိုသည်။

ပြည်သူတွေတောင်းဆိုတယ်ဆိုတာထက် ရိုးရာယဉ်ကျေးမှုအဖွဲ့က ဒါကိုမလုပ်ပေးဖို့ တောင်းဆိုနေတာဖြစ်တဲ့ လိုက်နာပေးရမယ်ဖြစ်တယ်။ ပြီးရင် ဥပဒေပြဌာန်းချက်မှာလည်း လူနည်းစုရဲ့ ယဉ်ကျေးမှုတွေကို လေးစားလိုက်နာရမယ် လို့ပါတယ်။ လက်တွေ့မှာလည်း တာဝန်ရှိတဲ့သူတွေအနေနဲ့ ဒါကို ကာကွယ်စောင့်ရှောက် ပေးရမယ်ဖြစ်တယ်။ တဖက်မှာ KIO အစိုးရကိုယ်တိုင်က ဒါတွေကို ပိုပြီးမှာတောင် လုပ်ပေးရမယ့် တာဝန်အပြည့်ရှိတယ်။ အခုလို ပြည်သူတွေ လက်မခံတဲ့အရာတွေကိုတော့ ရှောင်သင့်တယ်။ လုပ်တယ်ဆိုကတည်း ကိုယ့်လူမျိုးနဲ့ ဒေသကို ဖျက်ဆီးရာရောက်တယ် ဟုဆက်ပြောသည်။

N’dum Latep အနီးတဝိုက်၊ လန်းဒေါင်အုပ်စုတွင်ပါဝင်သော အင်ဖီဂါး၊ ရှိန်ဂိုင်ယန်၊ ဖဂန်းယာန်နှင့် ကနိုင်ယာန် စသည့် ကျေးရွာဒေသတို့တွင် လွန်ခဲ့သည့် ၂၀၁၃ ၊ ၂၀၁၄ ခုနှစ်က စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ထိုဒေသရှိ ပြည်သူများ ပူတာအိုမြို့ပေါ်သို့ ထွက်ပြေးခဲ့ရသည်။

ငြိမ်းချမ်းခြင်းမရှိသေးသောကြောင့် ဒေသခံ စစ်ရှောင်များသည် နေရပ်သို့ မပြန်ဘဲ ပူတာအိုမြို့ပြင်တွင် ရွှေ့ပြောင်းနေထိုင်လိုက်သည့်နောက်ပိုင်း ၎င်းတို့၏ မူလဌာနေကျေးရွာ မြေနေရာများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး ရွှေတူးဖော်ရန် စီစဉ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

N’dum Latep နေရာသည် ယခင် နှစ်ပေါင်းများစွာက ကချင်လူမျိုးများ ဆင်းသက်လာစဉ် မလိခမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်း တံတိုင်းများဆောက်လုပ်ကာ ဘိုးဘေးစဉ်ဆက် အသုံးပြုသွားလာခဲ့ရသည့် ကချင်လူမျိုးများ၏ အမှတ်အသားနေရာတစ်ခုဖြစ်ကြောင်း ဒေသခံများ ပြောဆိုသည်။

N’dum Latep အဖြစ် သတ်မှတ်ထားသော မြေဧက ၁ ထောင်ကျော်ခန့် ကျယ်ဝန်ပြီး တိုက်ပွဲမဖြစ်ပွားခင်က အင်ဖီဂါး၊ ရှိန်ဂိုင်ယန်၊ ဖဂန်းယာန် စသည့် ကျေးရွာပြည်သူများ၏ စိုက်ပျိုးမြေအဖြစ် အသုံးပြုနေသော နေရာများလည်း ပါဝင်သည်ဟု သိရသည်။

လက်ရှိ ထိုနေရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ရွှေတူးဖော်ရန် လုပ်ငန်းရှင်များကို မြေနေရာခွဲဝေပေးထားပြီး လုပ်ငန်းရှင်များမှာ စစ်ကောင်စီထံလည်း အခွန်ပေးဆောင်နေရသည်ဟု သိရသည်။

Show More

Related Articles

Back to top button