သတင်း

ပူတာအိုတွင် မူးယစ်ဆေးဝါး လက်သည်များ ရဲကို ငွေကြေးပေးဆောင်ကာ ရောင်းချမှုများ ဆက်လက်ပြုလုပ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ဘိန်းဖြူ၊ ရာမ နှင့် စိတ်ကြွဆေးပြား ရောင်းသည့် လက်သည်များကို ရဲကဖမ်းမိသော်လည်း ငွေကြေးပေးပါက ပြန်လွတ်ပေးနေသည်ဟု ဒေသခံများ ပြောသည်။

ပူတာအိုမြို့ပေါ်ရှိ ၊ လုံးစွတ်၊ မြို့မ၊ လေယာဥ်ကွင်းရပ်ကွက်များတွင် မူးယစ်ဆေးဝါးရောင်းသည့် လက်သည်များကို ပူတာအိုရဲ၊ နယ်ထိန်းများက ပူးပေါင်းဖမ်းဆီးမှုများရှိနေကြောင်းသိရသည်။

သို့သော် ဖမ်းဆီးခံရသူများထံမှ ငွေကြေးတောင်းခံပြီး ပြန်လွတ်ပေးကြောင်းနှင့် ဆက်လက်ရောင်းချခွင့်ကိုလည်း ပြုထားသည်ဟု အမည်မဖော်လိုသူ လေယာဥ်ကွင်းရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

လုံးစွတ်ရပ်ကွက်နဲ့ မြို့မရပ်ကွက်တွေမှာဆို လေးခေါက်တောင်ရှိပြီ။ ပထမအကြိမ်ဖမ်းတာက မနှစ်က ၃ လပိုင်းမှာ ဖမ်းခေါ်သွားတယ်။ ခဏဆိုပြန်လွတ်လာတယ် ပြန်ကြားရတာက ၅ သိန်းပေးပြီး ပြန်လွတ်လာတယ်တဲ့။ အခုဆို ဖမ်းသာဖမ်းခံရတာ ဆက်ရောင်းနေတာပဲဟုပြောသည်။

ယမန်နှစ်အတွင်း မူးယစ်ဆေးဝါးရောင်းချသူများ ဖမ်းခံရမှု လုံးစွတ်ရပ်ကွက်တွင် နှစ်ကြိမ်၊ မြို့မတွင် တစ်ကြိမ်၊ လေယာဥ်ကွင်းတွင် တစ်ကြိမ်ရှိခဲ့ပြီး ယခုနှစ်တွင် လုံးစွတ်ရပ်ကွက်၌ နှစ်ကြိမ်ထပ်အဖမ်းခံရသူများရှိခဲ့သည်။ ၎င်းဖမ်းဆီးခံရသူအားလုံးက ငွေကြေးဖြင့် ပြန်လွတ်ပေးနေပြီး အဖမ်းခံရသူများကိုယ်တိုင် ဆက်လက်ရောင်းချနေဆဲ ဖြစ်ကြောင်း မြို့မ ရပ်ကွက်မှ အမည်မဖော်လိုသော ဒေသခံတစ်ဦး ပြောသည်။

အောက်ခြေမှာ နယ်ထိန်းတွေ လက်အောက်ဝန်ထမ်းတွေပဲလုပ်စားနေတာလား ဒါမှမဟုတ် ခရိုင်ရဲကသိသိနဲ့ ခွင့်ပြုထားတာလားတော့မသိဘူး။ ဒီဇန်နဝါရီလတုန်း ကပဲ မြို့မမှာလည်းဖမ်းတယ် လုံးစွတ်မှာလည်း ၂ ခါတောင် သွားဖမ်းတယ်။ ဒါပေမယ့် တစ်ယောက်ကိုတော့ ၁၀ သိန်း တစ်ယောက်ကိုတော့ ၁၀ သိန်းကျော်နဲ့ပြန်လွတ်ပေးတယ်တဲ့။ ရဲတွေက အရပ်ဝတ်နဲ့လာပြီး ၂ယောက် သုံးယောက်အဲ့လိုပဲလာပြီး ဖမ်းတာ။ ပြီးတော့ခေါ်မသွားဘူး အိမ်မှာပဲညှိကြတယ်။ ပိုက်ဆံပေးတော့ လွတ်ပေးလိုက်တာဟု KNG ကို ပြောသည်။

ပူတာအိုတွင် မူးယစ်ဆေးဝါး ရောင်းချသော လက်သည်များကို ငွေကြေးဖြင့် ပြန်လွတ်ကာ ရောင်းချခွင့်ပြုနေသည့်အတွက် ဆယ်ကျော်သက် ကလေးအရွယ်များအထိပါ မူးယစ်ဆေးဝါး အသုံးပြုသူ များပြားလာနေကြောင်း ဒေသခံများ ပြောဆိုနေကြသည်။

ယခင်က မူးယစ်ဆေးဝါးရောင်ဝယ်သူနှင့် သုံးစွဲသူ အနည်းငယ်သာရှိခဲ့သည့် ပူတာအိုမြို့နယ်တွင် စစ်အာဏာသိမ်းသည့်နောက်ပိုင်း ရောင်းဝယ်သူ နှင့် သုံးစွဲသူ သိသိသာသာများပြားလာသည်ဟု ဆက်လက်သိရသည်။

ပူတာအိုမြိုနယ်သို့ ကုန်စည်ပို့ဆောင်ရေးကို မြစ်ကြီးနားဆွမ်ပရာဘွမ်ပူတာအိုလမ်းပိုင်းကိုသာ အသုံးပြုရသော်လည်း လမ်းကြောင်းတစ်လျောက် စစ်တပ် စစ်ဆေးရေးဂိတ်များတွင် မူးယစ်ဆေးဝါးဖမ်းဆီးခံရမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ကြောင်း ဒေသခံများပြောဆိုသည်။

Show More

Related Articles

Back to top button