သတင်း

ရှရော်ခကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန်အတွက် နေအိမ် တဲများ ရွှေ့ပြောင်းရန် ဖိအားပေးနေ

ဖားကန့်မြို့ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန်အတွက် နေအိမ် တဲ ၁၅၀ ခန့်ကို ယခုသီတင်းပတ်အတွင်း ရွှေ့ပြောင်းပေးကြရန် ဖိအားပေးခံနေသည်ဟု သိရသည်။

ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် ကျလာခဲ့လို့ ရွှေ့ပြောင်းခိုင်းတယ်လို့ ပြောပါတယ်၊ အခုရက်ပိုင်းအတွင်း ရွှေ့ရမယ်လို့ ပြောလာခဲ့ပါတယ်ဟု ယင်းနေရာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

နေအိမ်တဲများအား ရွှေ့ပြောင်းရန် ဖေဖော်ဝါရီလ ၁၀ ရက်ဝန်းကျင်မှစကာ လာရောက်ပြောဆိုထားပြီး မည်သည့်အဖွဲ့အစည်းမှန်း ပြောင်းရွှေ့ခိုင်းသည်ကို တိတိကျကျ မသိရသေးပေ။

ဒေသခံများ၏ ပြောဆိုချက်အရ ရွှေ့ပြောင်းပေးသူများအား ၁၅ ပေခန့်ကျယ်ဝန်းသည့် မြေနေရာ အစားထိုးပြန်လည်ပေးမည်ဟု ဆိုထားပြီး နေအိမ်တဲ တစ်လုံးလျှင် ငွေကျပ်တစ်သိန်းစီ အလျော်ပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။

သို့သော်အစားထိုးပေးသည့် မြေနေရာသည် ဒေသအခေါ် သဘာဝ မျောချောင်း‌ နေရာများဖြစ်နေသည့်အတွက် အဆင်ပြေမည် မဟုတ်ကြောင်း သိရသည်။

မျောချောင်းဆိုတာက မိုးရာသီကာလရောက်လာတဲ့ချိန်ဆိုရင်‌တော့ ကုန်းမြင့်တွေက‌နေ ရေစီးတဲ့‌ နေရာဖြစ်တဲ့အတွက် လူမပြောနဲ့အိမ်တွေတောင် အလုံးလိုက်ကျွတ်ပါသွားမယ့်နေရာတွေဖြစ်တာကို သိထားလို့ မနေရဲတာဟုပြည်သူတစ်ဦးကပြောသည်။

လက်ရှိ ပြောင်းရွှေ့ပေးရန်ဆိုထားသည့်မြေနေရာတွင် နေထိုင်သူများသည် စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲပြင်းထန်ဆုံးဖြစ်သည့် စစ်ကိုင်းဒေသဘက်မှ ပြောင်းရွှေ့လာသူအများဆုံးပါဝင်ကာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများအပါအဝင် လူဦးရေ ငါးရာဝန်းကျင်ရှိ‌ကြောင်း သိရသည်။

ဒီမှာလာနေတာ ခုဆိုရင်တစ်နှစ်ကျော်ရှိပြီ။ အများစုက စစ်ကိုင်းတိုင်းထဲကပေါ့ ကိုယ့်ရပ်ရွာက ဒုက္ခရောက်လို့ ဖားကန့်ကို လာခဲ့တာ၊ အခုနေအိမ်လေးပါ ဖျက်ရမယ်ဆိုတော့ အများကြီးဒုက္ခရောက်တာပေါ့ဗျာဟုကိုမောင်မြင့်(အမည်လွှဲ) က လက်ရှိကြုံတွေ့နေရသည့် အခက်အခဲကို ပြောသည်။

အဆိုပါရွှေ့ပြောင်းရန် ဖိအားပေးနေသည့် နေရာအနီးတွင်လည်း စက်ယန္တယားများဖြင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေပြီး မည်သည့်အဖွဲ့အစည်း၏ ကုမ္ပဏီမှ လုပ်ကိုင်နေသည်ကို အသေးစိတ် မသိရသေးပေ။

စစ်တပ် အာဏာသိမ်းယူပြီးသည့်နောက် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် စက်ယန္တယားကြီးများဖြင့် ကျောက်စိမ်းတူးဖော်နေမှုများအား ပိုမိုပြုလုပ်နေပြီး၊ လုပ်ကွက်အနီးပါတ်ဝန်းကျင်ရှိ နေအိမ်များကို ရွှေ့ပြောင်းစရိတ်များပေး၍ ကျောက်စိမ်းတူးဖော်နေကြကြောင်း သိရသည်။

ရှရော်ခကျေးရွာသည် အိမ်ခြေ ရှစ်ရာကျော်ရှိပြီး၊ လူဦးရေ ၄၀၀၀ ကျော်နေထိုင်သော ကျေးရွာတစ်ခု ဖြစ်သည်။

Show More

Related Articles

Back to top button