သတင်းသတင်းဆောင်းပါး

ရွေးကောက်ပွဲအတွက် လက်နက်အားကိုးရတဲ့ စစ်တပ်ရဲ့ လားရာ

စစ်ကားတန်းကြီး အိမ်ရှေ့ရောက်လာတော့ အရမ်းကိုကြောက်သွားတာ ကိုယ့်ကိုကိုယ်လည်း ဘာအပြစ်များ လုပ်မိထားပြီလဲပေါ့ ချွေးတောင်ပြန်သွားတယ်လို့ဒေါ်တင်တင်( အမည်လွှဲ) ဆိုပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလအတွင်း ဖားကန့်မြို့ပေါ်ရပ်ကွက်တစ်ချို့မှာ စစ်ကောင်စီတပ်သားတွေက လက်နက်အပြည့်အစုံနဲ့ ရောက်လာပြီး လူဦးရေသန်းခေါင်စာရင်း ကောက်သွားတဲ့ဖြစ်စဉ်ကို ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်တင်တင်က သူမကြုံတွေ့ခဲ့ရတာကို ပြောပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတစ်လျှောက် ရွေးကောက်ပွဲရဲ့ ခြေလှမ်းအစလုပ်ငန်းစဉ်ဖြစ်တဲ့ လူဦးရေသန်းခေါင် စာရင်းကောက်ရာမှာ ထွေအုပ်ဝန်ထမ်းများ၊ ပညာရေးဌာနမှ ကျောင်းဆရာ၊ ဆရာမများ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖတွေကပဲ ကောက်ယူခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ဖားကန့်ဒေသမှာ ကချင်ပြည်နယ်အတွင်း တစ်ခြားနေရာတွေနဲ့မတူဘဲ စစ်တပ်က လက်နက်အပြည့်နဲ့ လိုက်လံကောက်ခဲ့ကြတာပါ။

အရင်ကတော့ ဌာနဆိုင်ရာတွေ ရပ်မိရပ်ဖတွေက တက်တက်ကြွကြွနဲ့ ကောက်ကြတာ ခုတော့ စစ်ကောင်စီက လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးပေးပြီး ထွေအုပ်ဝန်ထမ်းတွေရယ် ဘယ်သူဘယ်ဝါမသိအောင် Mask တွေတပ် ဦးထုပ်ဆောင်းပြီး လိုက်ကောက်နေတာ သူတို့က လက်နက်ကြီးတကားကာနဲ့ဆိုတော့ ကြောက်တာပေါ့ အဲ့တော့သူတို့က လာထည့်ဆိုလာထည့်ဆိုတဲ့ပုံစံချိုးနေကြတာဆိုပါတယ်။

လူဦးရေစာရင်းကောက်ယူရာမှာ စစ်အင်အား ၄၀ ဝန်းကျင် စစ်ကားအစီးရေ ၈ စီး တပ်စုတစ်စုစာ စစ်ယူနီဖောင်း၊ လက်နက်အပြည့်နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ လိုက်လံကောက်ယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မဲ မသမာမှုရှိတယ်ဆိုပြီး စွပ်စွဲချက်နဲ့ NLD အစိုးရကို ဖြုတ်ချပြီး နိုင်ငံအာဏာကို မတရားသိမ်းယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲသစ် မဖြစ်မနေပြုလုပ်ပြီး သမ္မတလုပ်ဖို့ အစွမ်းကုန်ကြိုးစားနေချိန်လည်း ဖြစ်ပါတယ်။

အရေးပေါ်ကာလ ၂ နှစ်တာကျော်လွန်ပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ဟာ ၂၀၂၃ ခုနှစ်အတွင်းတစ်နိုင်ငံလုံးအနှံ့ရွေးကောက်ပွဲလုပ်မယ်လို့ ဇန်နဝါရီလ ၄ ရက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ထည့်ပြောသွားပြီးနောက် ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးလူဦးရေစာရင်း စတင်ကောက်ခံခဲ့ပါတယ်။

ဒီရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စားမှုနည်းပေမယ့် စစ်တပ်ကတော့ ဖားကန့်‌ ဒေသမှာ လက်နက်အားကိုးနဲ့ မထည့်မနေရစနစ်နဲ့ လူဦးရေစာရင်း လိုက်ကောက်သွားတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

သူတို့က လက်နက်ကိုင်ပြီး လိုက်ကောက်နေတာ သဘာဝကျပါတယ် ဘာလို့လဲဆိုရင် သူတို့အားကိုးစရာ ဒီလက်နက်ဘဲရှိတာ ဒီလက်နက်နဲ့ခြိမ်းခြောက်ပြီး လိုက်ကောက်တဲ့ ပုံစံဟုတ်တယ်လို့ဖားကန့် တော်လှန်ရေးအင်အားစုက တာဝန်ရှိတဲ့သူက ပြောပါတယ်။

တစ်အိမ်တက် တစ်အိမ်ဆင်း လူဦးရေ စာရင်း လိုက်လံကောက်ခံလာတာ တစ်လကျော်ရှိလာပြီးနောက် ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့ စစ်တပ်ရဲ့ လော်ဘီသတင်းဌာနတွေဟာ စစ်ကောင်စီအနေနဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေသန်းခေါင်စာရင်း ၈၇ ရာခိုင်နူန်းကောက်ယူပြီးစီးကြောင်း ဖော်ပြခဲ့ကြပါတယ်။

စစ်ကောင်စီအသစ် ပြန်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့တဲ့ အနိုင်ရအကုန်ယူ ( Frirst Past the Post- FPTP) စနစ်အစား အချိုးကျကိုယ်စားပြု ( Proportional Representation- PR) စနစ်ကို ကျင့်သုံးမယ်လို့ ပြောဆိုထားပြီးရွေးကောက်ပွဲမဖြစ်မနေမယ်လို့လည်း ပြောဆိုထားပါတယ်။

ဒါကြောင့်မို့ စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံရဲ့သမိုင်းတစ်လျှောက် ကျင်းပခဲ့တဲ့ရွေးကောက်ပွဲတစ်လျှောက် လုပ်ဆောင်ခြင်းမပြုခဲ့ဖူးတဲ့လက်နက်ခြိမ်းခြောက် လူဦးသန်းခေါင်စာရင်း‌ကောက်ဆိုတဲ့ နည်းလမ်းအသစ်နဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ စစ်ကောင်စီတပ်အနေနဲ့ မည်သို့ပင် လက်နက်အားကိုး ကြိုးပမ်းနေစေကာမှု ဖားကန့်ဒေသမှာ လုံးဝဖြစ်နိုင်မှာမဟုတ်ဘူးလို့ ဖားကန့် ဒေသခံတစ်ဦးကလည်း ပြောဆိုပါတယ်

ကျနော်တို့အားလုံးကြားတယ် မြို့ပေါ်မှာဘယ်လို ပုံစံကောက်သွားတယ်ဆိုတာ ဒါပေမယ့် ဖြစ်နိုင်မှာမဟုတ်ဘူးလို့ဘဲ ပြောချင်ပါတယ်။ ဘာလို့လဲဆိုရင် ဒီမြို့တွင်းထဲမှာ သွားတာတောင် လက်နက်တကားကားနဲ့ ဖားကန့်အခြေနေက ဥပမာ လူ ၃ ယောက်ပျောက်တာတောင် ရှာမရတဲ့နေရာမို့လေလို့ ဒေသခံတစ်ဦးကပြောပါတယ်။

တစ်ဖက်မှာ နိုင်ငံရေးပါတီများနှင့် သက်ဆိုင်တဲ့ ဥပဒေကို ဇန်ဝါရီလကုန်ပိုင်းက ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီတွေဟာ မှတ်ပုံတင်ကြရမှာဖြစ်ပါတယ်။ ကချင်ပါတီတွေဘက်ကတော့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရန် ခက်ခဲနေသေးတယ်လို့ ဖေဖော်ဝါရီလလယ်လောက်က ကချင်ပါတီအသီးသီးက KNG ကိုပြောပါတယ်။

စစ်တပ်က မဖြစ်မနေပြုလုပ်သွားမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့သလို၊ ကချင်ပြည်နယ် တော်လှန်ရေးအင်အားစုတွေကလည်း ‘တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ကြ၊ ပါဝင်ပတ်သက်သူတိုင်းဟာ သမိုင်းတရားခံများသာဖြစ်သည်” ဆိုတဲ့ ဗီနိုင်းများ ကိုင်စွဲကာ ဆန္ဒပြလှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီတပ်က ၎င်းတို့ တရားဝင်မှုဖြစ်တည်ရေးအတွက် ရွေးကောက်ပွဲကျင်းပနိုင်ရန် အစွမ်းကုန်ကြိုးစားနေပြီး စစ်တပ်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကလည်း စစ်တပ်ရဲ့ အစီစဉ်ပျက်စီးသွားအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ (၆၂နှစ်ပြည့် ကချင်တော်လှန်ရေးနေ့တွင် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

Show More

Related Articles

Back to top button