သတင်း

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU ပထမအကြိမ် ဘွဲ့နှင်းသဘင် လိုင်ဇာမြို့တွင် ပြုလုပ်

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် (KSCU) ပထမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန် KIO ဗဟိုဌာနချူပ် လိုင်ဇာမြို့ Sinpraw Majoi ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် NUG အစိုးရ၏ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် ဒုဝန်ကြီး ဆရာမ ဂျာထွယ်ပန် တို့မှ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် တက္ကသိုလ်၏ အဓိပတိ ဒုတိယဗိုလ်ချူပ်ကြီး ဆွမ်လွတ်ဂွမ်မော်မှ ဘွဲ့လက်မှတ်များပေးအပ်ချီးမြင့်ခဲ့သည်။

ယခုအစီစဉ်သည် အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုအတွက် ပထမဆုံးသောခြေလှမ်းဖြစ်ကြောင်း NUG အစိုးရ ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“KSCU ဟာ ကျွန်တော်တို့တော်လှန်ရေးအတွက် လိုအပ်ချက်အရ ထွက်ပေါ်လာတဲ့ တက္ကသိုလ်ကျောင်းတစ်ခုဖြစ်ပါတယ်။ ကချင်ဒေသ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေတဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးသွားချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမှာ ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးရဲ့ ခြေလှမ်းအစဖြစ်တယ်ဟု ပြောဆိုခဲ့သည်။

ပညာရပ်စုံတက္ကသိုလ် KSCU ပထမအကြိမ် ဘွဲ့နှင်းသဘင်တွင် တက္ကသိုလ်၏ အဓိပတိ ဒု-ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်

 

ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မြန်မာစာ၊ အင်္ဂလိပ်၊ ဓာတုဗေဒ၊ စိတ်ပညာ၊ ပထဝီဝင်၊ ဥပဒေ၊ စီးပွားရေး၊ သမိုင်း၊ ဒဿနိကဗေဒ စသည့် ဘာသာရပ်များကို သင်ကြားခံယူပြီးခဲ့သော ကျောင်းသား/သူ ၆၃ ဦး နှင့် အဝေးရောက် ၁ ဦးကို ဘွဲ့ချီးမြင့်ခဲ့သည်။

ယနေ့ ဘွဲ့ရရှိသူများသည် သမိုင်းပေးတာဝန်များ ထမ်းဆောင်ကြရတော့မည်ဟု KSCU တက္ကသိုလ်အဓိပတိ ဒုတိယ ဗိုလ်ချူပ်ကြီး ဆွမ်လွတ်ဂွန်မော် မှ ဘွဲ့နှင်းသဘင်မိန့်ခွန်းထဲ မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

“ကျွနုပ်တို့ နိုင်ငံသားများအနေဖြင့် မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့်အတွက် ကြိုးစားနေကြရဆဲဖြစ်သည်။ ပြည်ထောင်စုတဝှမ်း တခဲနက် ပြိုင်တူဆင်နွဲနေကြသော တော်လှန်းရေးကြီးထဲ အသိပညာရှင်၊ အတတ်ပညာရှင်များ လူငယ်များ၊ CDM ဝန်ထမ်းများ၊ ကြီးမားကျယ်ပြန့်စွာ ပါဝင်နေကြသည်။ သင်တို့သည်လည်း သမိုင်းပေးတာဝန်များကို ထမ်းဆောင်ကြရတော့မည် ဖြစ်ပါကြောင်း နှင့် တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေး ကာလများတွင် ဘွဲ့ရမောင်မယ်များက မိမိတို့၏ အရည်အသွေး၊ ကြံ့ခိုင်သည့် စိတ်ဓါတ်များဖြင့်ပါဝင်ပြီး မိခင်တက္ကသိုလ်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရန် ကြိုးစားကြရမည် ဖြစ်ကြောင်း”တိုက်တွန်း ပြောကြားခဲ့သည်။

စစ်တပ် အာဏာသိမ်းမှုကြောင့် ပြည်သူ့အာဏာဖီဆန်မှု CDM တွင်ပါဝင်ခဲ့သဖြင့် ပညာသင်ကြားခွင့်မရခဲ့သော ကျောင်းသား၊ ကျောင်းသူများကို အဆင့်မြင့် ပညာသင်ကြားနိုင်ရေးအတွက် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် (Kachin State Comprehensive University (KSCU) ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂ နေ့တွင် ဖွင့်လှစ်သင်ကြားခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button