သတင်း

နယ်စပ်တစ်လျှောက် တိုက်ပွဲဖော်ဆောင်တာမလုပ်ဖို့ တရုတ်အစိုးရရဲ့ အာရှရေးရာသံအမတ်ဆို

မြန်မာတရုတ်နယ်စပ်တလျှောက်မှာ တိုက်ပွဲဖော်ဆောင်တာတွေ မလုပ်ဖို့ တရုတ်ပြည်သူ့သမ္မနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijun (ဒင်ရှီကျွင်) ဟာ KIO ဌာနချူပ်သို့ လာရောက်တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ KIO ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နယ်စပ်တံခါးပိတ်ထားတာလည်းကြာပြီ။ ဒါကြောင့် ဖွင့်လို့ရပြီလား၊ မရသေးဘူးလား။ ပြည်သူတွေရဲ့ ဝမ်းရေးအခြေအနေ နေထိုင်မှု ဘယ်လိုရှိနေလဲ၊ ဘယ်လိုလုပ်လို့ရလဲ ဆိုတာတွေ လိုက်ကြည့်ရှုတယ်လို့ပြောတယ်။ အမြဲပြောနေကျ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးပေါ့ နယ်စပ်တလျှောက်တိုက်ပွဲ မဖြစ်အောင်နေရအောင် ဆိုတာတွေပြောတာပေါ့။ ပြီးတော့ အခုသူက အထူးသံအမတ်အသစ်ဆိုတော့ လာရောက်မိတ်ဆက်တဲ့သဘော အဲ့လောက်ပါပဲလို့ပြောတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ရောက်ရှိလာခဲ့တဲ့ အဲဒီ တရုတ်အစိုးရရဲ့ အာရှရေးရာသံတမန် H.E Mr. Deng Xijun (ဒင်ရှီကျွင်)ဟာ လိုင်ဇာမြို့အနီးတစ်ဝိုက်မှာရှိတဲ့ စစ်ရှောင်တွေမှာလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။

တရုတ်သံအမတ်အနေနဲ့ ယခုလို နယ်စပ်ဌာနချူပ် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သွားရောက်တွေ့ဆုံခြင်းဟာ မြန်မာပြည်တွင်းက တရုတ်စီးပွားရေးရင်းနှီးမြုပ်နှံမှုလုပ်ငန်းစဉ်တွေကို ကာကွယ်လိုတဲ့ရည်ရွယ်ချက်နဲ့ NDAA ဆိုတဲ့ အမေရိကန်အစိုးရရဲ့ ကာကွယ်ရေးဥပဒေကို ကန့်ကွက်လိုတဲ့ ရည်ရွယ်ချက် ထိုအခြေအနေ ၂ ရပ်ကြောင့် တွေ့ဆုံမှုပြုလုပ်ခြင်းဖြစ်တယ်လို့ မြစ်ကြီးနားမြို့ဒေသခံ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး

ပထမအချက်က NUG အစိုးရအောက် PDF က နယ်မြေတွေကို တဖြည်းဖြည်း တိုက်ခိုက်စိုးမိုးလာတော့ ပိုပြီး တရုတ်ရဲ့ စီးပွားရေးရင်းနှီးမြုပ်နှံထားမှုရှိတဲ့နေရာတွေ ဥမပာ လက်မတောင်းတောင်လိုနေရာမျိုးတွေ၊ ဒီိလိုနေရာတွေကို ယခင်ကတော့ စစ်တပ်ဘက်က လုံခြုံရေးယူပေးတာရှိတယ်။ ဒါပေမဲ့ ခုနောက်ပိုင်း တဖြည်းဖြည်း PDF ဘက်က တိုက်ပွဲဝင်ပြီး နယ်မြေစိုးမိုးရတာတွေရှိလာတော့ ဒီလိုနေရာတွေကို စစ်တပ်ကပဲ လုံခြုံရေးပေးနိုင်တယ်ဆိုတဲ့ဟာက အာမခံချက်မရှိလာတော့ဘူး။ ဒါကြောင့် တရုတ်က တဖြည်းဖြည်းနဲ့ လှုပ်ရှားမှုပြောင်းလဲလာတာတွေ့ရတယ်။ ဒုတိယအချက်က မမေရိကန်နိုင်ငံရဲ့ National Defence Authorization Act (NDAA) အောက် Burma Act ကို ကန့်ကွက်တဲ့သဘောနဲ့ ခြေလှမ်းလာတာကို တွေ့ရတယ်လို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။

တရုတ်သံတမန်အသစ် Mr. Deng Xijun (ဒင်ရှီကျန်) ဟာ ပြီးခဲ့တဲ့နှစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး သံအမတ် ဆွန်ဂေါင်ရှန်းရဲ့ နေရာမှာ ပြန်အစားထိုးဝင်တာဖြစ်ပြီး စစ်ကောင်စီနဲ့အတူ နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့နဲ့ လိုက်လံတွေ့ဆုံမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းမှာလည်း နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ တရုတ်နိုင်ငံအနေနဲ့ ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံတကာ မျက်နှာစာမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိ‌ ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များမှာ ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိမှုနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ် လို့ သိရပါတယ်။

Show More

Related Articles

Back to top button