စစ်ပြေးဒုက္ခသည်များသတင်း

ကွတ်ခိုင် စစ်ရှောင်များကို နာမည်ဖျက်သိမ်းပြီး ကျေးရွာအဖြစ်ပြောင်းလဲနေထိုင်ကြရန် စစ်ကောင်စီ ပြောဆို

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ စစ်ရှောင်စခန်း ၇ ခုအား စစ်ရှောင်စခန်းနာမည် ဖျက်သိမ်းပြီး ကျေးရွာအဖြစ်ပြောင်းလဲနေထိုင်ကြရန် စစ်ကောင်စီအဖွဲ့ဝင်များက စစ်ရှောင်များကို ခေါ်ယူပြောဆိုခဲ့ကြောင်းသိရသည်။

မတ် ၁၄ ရက်နေ့တွင် စစ်ရှောင်စခန်း ၇ ခုမှ တာဝန်ရှိသူများကို စစ်ကောင်စီအဖွဲ့ဝင် ထွေအုပ်အရာရှိတစ်ဦးက ကွတ်ခိုင်ထွေအုပ်ရုံးသို့ ခေါ်ယူပြောဆိုခဲ့ကြောင်း စစ်ရှောင်များပြောသည်။

ယခုလို စစ်ကောင်စီဘက်မှ ပြန်လည်ထူထောင်ရေးအတွက် စစ်ရှောင်ကူညီထောက်ပံ့မှုများမရှိသည့်အပြင် ကျေးရွာအဖြစ် ပြန်လည် ပြောင်းလဲနေထိုင်ခိုင်းသောကြောင့် လက်ရှိကူညီပေးနေသည့် အဖွဲ့အစည်းများကပါ ထောက်ပံ့မှုများ ပိတ်သိမ်းသွားမည်ကို စိုးရိမ်နေသည်ဟု နမ်ဖတ်ကာ KBC စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက KNG ကို ယခုလိုပြောသည်။

စခန်းပိတ်သိမ်းပြီနော်တဲ့၊ မင်းတို့အိမ်ရပြီးရင် ပြောင်းကြပါ။ အဲ့ဒီအချိန်ကျ စစ်ရှောင်မဟုတ်တော့ပဲ ကျေးရွာအဖြစ်ပဲ နေရတော့မယ် ဆိုပြီးပြောတယ်။ အခုက ကျမတို့ နေအိမ်တောင်မရှိသေးတာကို အဲ့လိုပြောလာတော့ခံစားရတယ်။ စစ်ရှောင်မဟုတ်တော့ဘူးပြောတော့ ကူညီမှုအားလုံးလည်းပိတ်သိမ်းသွားမှာ စိုးရိမ်မှုအများကြီးပဲ၊ ပိုခက်ခဲကြပ်တည်းတော့မှာလေပြောဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့၏  စခန်းပိတ်သိမ်းရေး ဖိအားပေးမှုကြောင့် နေရပ်ပြန်နိုင်ခြင်းမရှိတော့သည့် စစ်ရှောင်များသည် သက်ဆိုင်ရာအသင်းတော်များ၏ အကူအညီဖြင့် ရွှေ့ပြောင်းနေထိုင်ကြမည့် မြေကွက်များ ဝယ်ယူထားနိုင်သော်လည်း ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်းသိရသည်။

သူတို့(စစ်ကောင်စီ)က ဒီ NGO အဖွဲ့အစည်းတွေကူညီပေးဖို့စာတင်ထားတာကို ခွင့်ပြုလိုက်ပြီဆိုလောက်ပဲ။ သူတို့အစိုးရအနေနဲ့ တာဝန်ယူကူညီပေးဖို့ကိစ္စက ဘာမှမပြောဘူး။ အခုကျမတို့က မြေနေရာတော့ရထားတယ်။ ဒါပေမဲ့ အဲ့မြေကွက်က ဟင်းလင်းပြင် ဘာမှမရှိဘူး။ ICRC အဖွဲ့အစည်းမှ နေအိမ်ဆောက်လုပ်ပေးဖို့ တော့ပြင်ဆင်နေပြီ။ ရေက မေတ္တာဖောင်ဒေးရှင်းအဖွဲ့က ကူညီမယ်ပြောတယ် ဒါပေမဲ့ အစိုးရခွင့်ပြုချက်မရသေးတာကြောင့် လုပ်လို့မရသေးဘူးတဲ့။ သူတို့က မင်းတို့ခြေထောက်မင်းတို့ ရပ်တည်ကြတော့ သာပြောတာ ကျမတို့က သုည လေ။ ကူညီမှုမရှိပဲ ဘာနဲ့ ရပ်တည်မလဲ၊ ဘယ်လိုစတင်သွားမလဲ အထက်ပါ စစ်ရှောင်အမျိုးသမီးက ဆက်ဆိုသည်။

လက်ရှိ စစ်ရှောင်စခန်းများ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း စစ်ကောင်စီ ထွေအုပ်ရုံးမှ ခေါ်ယူပြောဆိုခဲ့သည့် စစ်ရှောင်စခန်းများသည် နမ်ဖတ်ကာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ၊ အောင်သပြေ၊ မိုင်းယုလေး၊ ကာလှိုင်ဇွပ်အောင်၊ ပန်ကူ၊ ဆာရာ၊ လွယ်မှုန်းအာ စသည့် စစ်ရှောင်စခန်းများဖြစ်ကြောင်းသိရသည်။

နေရပ်ပြန်လုပ်ကိုင်စားသောက်ခွင့်မရှိသည့် စစ်ရှောင်ပြည်သူများသည် လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုကြား စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန် ခက်ခဲနေသည့် အချိန်ကာလအတွင်း စစ်ကောင်စီဘက်မှ စစ်ရှောင်ပိတ်သိမ်းရေး လုပ်ဆောင်နေသည့်အပေါ်မှာ အခက်အခဲများ ဖြစ်ပေါ်စေသည်ဟု အောင်သပြေ စစ်ရှောင်စခန်းမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

ကျနောတို့မှာ စစ်ရှောင်မဟုတ်တော့ပဲ ပြောင်းရွှေ့နေရာမှာ ရွာအဖြစ်ပြောင်းလဲနေထိုင်ဖို့က အင်မတန်ခက်ခဲမယ်၊ အခုတောင် အစားအသောက်ကအစ၊ စစရာရာအခက်အခဲအများကြီးရှိနေတယ်။ တကယ်လို့ ကမ့်တွေပိတ်သိမ်းသွားပြီဆို ကူညီမှုအားလုံးလည်း ပိတ်သိမ်းသွားမှာပဲ။ ကျနော်တို့မှာ ရပ်တည်နိုင်ဖို့ လိုအပ်မှုကအများကြီးရှိတယ်လေ။ ဒါကြောင့် တောင်းဆိုချင်တစ်ခုက ရပ်ရွာအဖြစ်ပြောင်းရွှေ့နေထိုင်ခိုင်းပါစေကျနော်တို့ရပ်တည်သွားနိုင်ဖို့က ကူညီမှုတော့ အရေးကြီးလိမ့်မယ်ဟုပြောသည်။

ကွတ်ခိုင်မြို့နယ်တွင် စစ်ရှောင်စခန်း ၁၀ ခုကျော်ရှိသည့်အနက် စစ်ကောင်စီ၏ စာရင်းတွင် စခန်း ၇ ခုသာရှိပြီး WFP မှဆန်အစား ငွေကြေးထောက်ပံ့ပေးခြင်း ခံစားခွင့်ရနေသည်မှာ စစ်ရှောင်စခန်း ၄ ခုသာ ဖြစ်ကြောင်းသိရသည်။

သို့သော် မူလနေထိုင်သည့် စစ်ရှောင်စခန်းများမှ ရွှေ့ပြောင်းနေထိုင်သွားကြသည့် ဇွပ်အောင်၊ မိုင်းယုလေး၊ ဟိုခို၊ လီဆူ၊ မုံးစီး စသည့် စစ်ရှောင်စခန်းများသည် နေအိမ်ကိုယ်စီ ရှိနေပြီဖြစ်သည့်အတွက် ကူညီထောက်ပံ့မှုမရရှိတော့ကြောင်း စစ်ရှောင်များထံမှသိရသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး စစ်ကောင်စီအဖွဲ့က စစ်ရှောင်ပြည်သူများအား စစ်ရှောင်စခန်းပိတ်သိမ်းရေးအတွက် အတင်းအကြပ် ဖိအားပေးလုပ်နေသောကြောင့် ရှမ်းမြောက်နှင့် ကချင်ဒေသ စစ်ရှောင်များမှာ မိမိနေရပ်ပြန်ကြသူများရှိနေသလို အခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် စီစဉ်နေကြသည်။

စစ်ကောင်စီအဖွဲ့သည် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်စခန်းများကို စစ်ရှောင်နာမည်ဖျက်သိမ်းပြီး ကျေးရွာအဖြစ်သာ ပြောင်းလဲနေထိုင်ရန် ကြိုးဖမ်းနေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button