မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြေရှားတူးဖော်ရေး လုပ်ငန်းခွင်ရှိ မိုးကာတဲများကို ဒေသခံများ သွားရောက် ဖျက်ဆီး

ဒေသခံ ၉၀၀ ခန့် ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် သဘောတူညီမှုမရသဖြင့် ယခုလို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ဗန်းမော်ခရိုင် မံစီမြို့နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ မြေရှားတူးဖော်ရေး လုပ်ငန်းရပ်တန့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် လုပ်ငန်းခွင်ရှိ မိုးကာတဲများကို ဒေသခံများ ယနေ့ သွားရောက် ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အင်ဘာပါနှင့် ဒိန်ဆင်းပါဒေသတွင် မြေရှားတူးဖော်နေသော တရုတ်ကုမ္မဏီများကို အပြီးထွက်ခွာသွားရန် မတ်လ ၂၁ ရက် ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ဒေသခံပြည်သူ အင်အား ၉၀၀ ခန့် သွားရောက်ဆန္ဒပြတောင်းဆိုခဲ့သော်လည်း သဘောတူညီမှုမရသဖြင့် မိုးကာတဲများကို ဖျက်စီးခဲ့ကြောင်း မြေရှားတူးဖော်ရေး ကန့်ကွက်ကော်မတီ အဖွဲ့ဝင်တစ်ဦးက KNG ကို ပြောသည်။

“မြေရှားတူးဖို့ ပြင်ဆင်နေတဲ့ တရုတ်ကုမ္မဏီတွေ လုပ်ငန်းပိတ်သိမ်းပြီး အပြီးထွက်သွားဖို့၊ အဲ့မှာရှိနေတဲ့ လုပ်ငန်းရှင်တွေ နဲ့ လုံခြုံရေးအစောင့်ဝန်ထမ်းတွေ အားလုံး ပြန်သွားဖို့ သဘောတူမှုယူတယ်။ ဒါပေမဲ့ သူတို့ဘက်က ကျနော်တို့ နေချင်လို့နေနေတာ မဟုတ်ဘူး။ KIO အစိုးရအမိန့်နဲ့ ရှိနေတာဆိုပြီး သဘောမတူဘူး။ ကျနော်တို့အားလုံး ညနေ ၆ နာရီလောက်ထိ စောင့်တယ်။ ဒါပေမဲ့ သဘောတူမှုမပေးလို့ လုပ်ငန်းခွင်အားလုံး ဖျက်ဆီးလိုက်ကြပြီး ပြန်လာကြတယ်။” ဟု မြေရှားတူးဖော်မှု ကန့်ကွက်ရေးကော်မတီအဖွဲ့ဝင် တစ်ဦး KNG သတင်းဌာန ကို ပြောသည်။

လုပ်ငန်းခွင်တာဝန်ရှိသူများနှင့် ဒေသခံများ ညနေမိုးချူပ်ခါနီးအထိ စိတ်ရှည်စွာ ညှိနှိုင်းခဲ့သော်လည်း တိကျသောအဖြေမပေးသဖြင့် ယခုလို ဖျက်စီးပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အင်ဘာပါဒေသတွင် မြေရှားတူးဖော်ရန် စီစဉ်နေမှုကို ဖေဖော်ဝါရီလနောက်ဆုံးထား လုပ်ငန်းပိတ်သိမ်းပေးရန် ဒေသခံများသည် KIO အစိုးရအဆင့်အဆင့်သို့ စာဖြင့်သော်လည်းကောင်း၊ တွေ့ဆုံ ညှိနှိုင်းခြင်းဖြင့်လည်းကောင်း အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ဆက်လက်လုပ်ကိုင်နေသဖြင့် ယနေ့တွင် လူအင်အားဖြင့် ထပ်မံဆန္ဒပြတောင်းဆိုရခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့က လုပ်ငန်းပိတ်သိမ်းပြီး ထွက်သွားဖို့ကို KIO အစိုးရလည်း လက်မှတ်မထိုးပေးဘူး။ လုပ်ငန်းရှင် ကုမ္မဏီတွေဘက်ကလည်း လက်မှတ်မထိုးဘူး။ ဆိုတော့ ဒေသခံတွေဘက်က ဒီလို လုပ်လာရခြင်းဖြစ်တယ်။ ဆက်ပြီး သူတို့ဘက်က ဘယ်လိုတုန့်ပြန်မယ် ဘယ်လိုဆိုတာတော့ နောက်နေ့မှ ပြန်သိရပါမယ်။” ဟု မြေရှားတူးဖော်မှု ကန့်ကွက်ရေးကော်မတီအဖွဲ့ဝင် အခြား ဒိန်ဆင်းပါဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်ကာ အင်ဘာပါ ၊ ဒိန်ဆင်းပါဒေသတွင် မြေရှားသတ္တုတူးဖော်ရန် KIO ဗဟိုအစိုးရ ခွင့်ပြုချက်ဖြင့် တရုတ်လုပ်ငန်းရှင် ကုမ္မဏီများ ဝင်ရောက်လာသောကြောင့် သမိုင်းဝင်ဒေသ ပျက်စီးသွားမည်ကို စိုးရိမ်သော ဒေသခံပြည်သူများသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှစပြီး နည်းလမ်းအမျိုးမျိုးဖြင့် ကန့်ကွက် ဆန္ဒပြခဲ့သည်။

သို့သော်လည်း KIO အစိုးရဘက်မှ မြေရှားတူးဖော်ရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်နေသောကြောင့် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင် KIO/KIA ထံ တာဝန်ထမ်းဆောင်နေသော မိသားစုဝင်များ မိမိနေရပ် ပြန်လာကြရန် ဒေသခံများ ထုတ်ပြန်ခဲ့ကြသည်။

ထို့နောက် မတ်လ ၂၁ ရက်နေ့တွင်မူ ဒေသခံများ လူအင်အားဖြင့် လုပ်ငန်းခွင်ထိ ဆက်လက်သွားရောက် ဆန္ဒပြကာ လုပ်ငန်းခွင်ရှိ မိုးကာတဲများကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

KIO ဗဟိုအစိုးရ၏ ခွင့်ပြုမိန့်ဖြင့် လက်ရှိ မံစီမြို့နယ် အင်ဘာပါ၊ ဒိန်ဆင်းပါဒေသတွင် မြေရှားတူးဖော်ရန် လုပ်ဆောင်နေသော နေရာများမှာ အင်ဘာပါ၊ ဒိန်ဆင်းပါ၊ ဒိန်ဆင်းဘွမ်၊ ခပရာ၊ အင်ဂျုံဘွမ်၊ ဖိုင်ဒန်၊ ဒရောန်၊ ခအူ၊ ဂျန်မိုင် ဖက်ဂွမ် စသည့် ဒေသများတွင် ဖြစ်သည်။

Show More

Related Articles

Back to top button