သတင်း

ဖားကန့်တွင် နေထိုင်ခွင့် ပိတ်ဆို့ခံထားရသည့် မျောက်ကုန်းကျေးရွာတွင် ပြည်သူများပြန်လည်နေထိုင်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မျောက်ကုန်းကျေးရွာတွင် ကျေးရွာနေပြည်သူများကို ရပ်ကွက်အတွင်းသို့ ဝင်ရောက်နေထိုင်ခွင့် ပိတ်ဆို့ခံထားရသည့် ၃ ရက်ခန့်အကြာမှ ပြန်လည်နေထိုင်ခွင့် ပြုထားကြောင်းသိရသည်။

ပြီးခဲ့သော မတ်လ ၁၈ ရက်နေ့ မှစကာ လုံးခင်းသာသနာ့နယ်မြေ မျောက်ကုန်း(ဒေသခေါ်)နေရာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့၏ တပ်စခန်းတစ်ခုနှင့် ရဲကားတစ်စီး တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်များသည် အဆိုပါ တိုက်ခိုက်ခံရသည့်  အနီးဝာဝိုက်ရှိ လူနေအိမ် ၄၀ ဝန်းကျင်အား ဖျက်ဆီးခဲ့ပြီး ပြည်သူများကိုလည်း သွားလာခွင့်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၀ ရက်နေ့တွင် မျောက်ကုန်းကျေးရွာ ပြည်သူများကို ပုံမှန်အတိုင်း သွားလာ နေထိုင်ခွင့် ပြန်လည်ပြုထားသည်ဟု ဖားကန့်ပြည်သူတစ်ဦးက KNG ကိုပြောသည်။

ပထမကတော့ဝင်ထွက်လို့မရဘူပေါ့ မျောက်ကုန်းကို ကြိုးတန်းပြီးတော့တားမြစ်ထားတာ။ စစ်သားတွေကတော့ အဲ့မျောက်ကုန်းထဲမှာရှိနေတာ အခုလောလောဆယ်ထိတော့သွားလာလို့ရပြီးကြိုးတန်းတာမရှိတော့ဘူးဟုပြောသည်။

မျောက်ကုန်းရပ်ကွက် ပြည်သူများ၏ နေအိမ် ၄၀ ကျော်ခန့် ကို စစ်ကောင်စီအဖွဲ့က ဘူဒိုဇာများဖြင့် ပယ်ရှားဖျက်ဆီးပေးလိုက်သည့်အတွက် ကျေးရွာအတွင်း ပြန်လည်နေထိုင်ခွင့်ရရှိခဲ့သော်လည်း ယာယီနေထိုင်ရန် မိုးကာတဲများဖြင့် ပြန်လည်ဆောက်လုပ်နေကြကြောင်းသိရသည်။

နေအိမ်ဖျက်ဆီးခံရတာက ၄၀ ကျော်လောက်ဟုတ်တယ်။ ကျန်တဲ့ဟိုဘက်ကနေအိမ်တွေကိုလည်း ဖျက်ဆီးမယ်လုပ်တာ အဲ့ကအိမ်ရှင်တွေကအပြင်ထွက်ပြီး မနည်းတောင်းပန် ထားရတော့မဖျက်ဆီးသွားဘူး။ပြည်သူတွေကတော့ ပြန်ဝင်ကြပြီ သူ့ပစ္စည်းကိုယ့်ပစ္စည်းပြန့်သိမ်းယူကြတယ်။ တချို့မပျက်စီးသွားတဲ့ပစ္စည်းတွေပြန်သိမ်းနေကြပြီဟုမြောက်ကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖျက်ဆီပယ်ရှားခံရသည့် နေအိမ် ၄၀ ကျော်သည် လုံးခင်းကားကြီးကွင်းဟောင်းနှင့် လုံးခင်းသင်္ချိုင်းကုန်းအနီးရှိ နေအိမ်များဖြစ်ကြပြီး ထိုပြည်သူများသည် အနီးတဝိုက်ရှိ နီးစပ်ရာ ဆွေမျိုးအိမ်များထံသို့ တိမ်းရှောင်ခဲ့ကြရသည်။

မတ်လ ၁၈ ရက်နေ့ မျောက်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို KIA PDF ပူးပေါင်းတပ်တို့က သွားရောက်တိုက်ခိုက်ခဲ့ရာ  ရဲ သုံးဦး သေဆုံးမှုရှိခဲ့ပြီး ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီဘက်မှ တန်ပြန်တိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦးအထိ သေဆုံးမှုရှိခဲ့သည့်အပြင် အသက် ၂၀ ကျော်အမျိုးသမီးတစ်ဦးနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး တို့က လက်ပြတ် ဒဏ်ရာရရှိခဲ့သည့်အထိ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

Show More

Related Articles

Back to top button