စစ်ပြေးဒုက္ခသည်များသတင်း

ကန့်ဘလူက ပထမဦးဆုံး စစ်ရှောင်စခန်းအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်အခြားအကူညီများလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ပထမဦးဆုံး စစ်ရှောင်စခန်းဖြစ်သော စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားအကူညီများစွာ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀ ခန့်ရှိပြီး သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများစွာ ခိုလှုံနေသဖြင့် ရေရှည်တွင် စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများ အဓိကလိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ အသက်မပြည့်သေးတဲ့ကလေးငယ်တွေတော်တော်များတယ်။ မွေးကင်းစ ကလေးငယ်တောင် ၃ ယောက်လောက်ပါတယ်။ သက်ကြီးရွယ်အိုတွေဆို ၈၅ နှစ်အထက်တွေတောင်ပါတယ်။ သူတို့အတွက် စားရေးသောက်ရေးကို လောလောဆယ်တော့ နီးစပ်ရာရွာတွေမှာ အလှူခံပြီးဖြေရှင်း နေရတယ်။ ပြဿနာကဘာလည်းဆို‌တော့ သောက်သုံးရေကစပြီး ဆေးဝါးအထိကို လိုအပ်နေတာဟုစစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

ထို့အပြင် နွေရာသီရောက်လာသည်နှင့်အမျှ အပူပိုင်းဒေသဖြစ်သော ကန့်ဘလူတွင် မြွေပွေးနှင့် မြွေဟောက်အန္တရာယ်များကြောင့် မြွေဆိပ်ဖြေဆေးနှင့် အခြေခံဆေးဝါးများလည်း လိုအပ်နေသည်ဟု သူကဆက်ပြောသည်။

စစ်ဘေးရှောင်များသည် နီးစပ်ရာကျေးရွာ၊ တောတောင်များနှင့် လယ်တဲများတွင် အဓိက တိမ်းရှောင်နေကြရပြီး ထိုသို့ ပြန့်ကျဲနေသော ပြည်သူများကို တစ်နေရာတွင် ထိရောက်စွာ ဂရုစိုက်နိုင်ရန် ယခုလိုစစ်ဘေးရှောင်စခန်း ဖွင့်ရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူများက ဆိုသည်။

အဆိုပါ စစ်ရှောင်စခန်းကို ပြီးခဲ့သည့် မတ်လမှစတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက် လူမူကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီဌာန (ကန့်ဘလူခရိုင်)၊ ကျွန်းလှကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့၊ တိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ၏ အကူအညီဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

ထို့အပြင် အဆိုပါစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူများနှင့် ကန့်ဘလူဒေသနေရာအနှံ့က စစ်ဘေး ရှောင်ပြည်သူများကို တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့ ဖေ့စ်ဘုတ်စာမျက်နှာကို တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်သည်ဟု သိရသည်။

Show More

Related Articles

Back to top button