တိုက်ပွဲသတင်း

ရွှေကူ စီသောင်ရွာ ထပ်မံ ဗုံးကျဲတိုက်ခိုက်ခံရသဖြင့်  ရွာလုံးကျွတ်မီးလောင်မှုဖြစ်ပွားခဲ့

ရွှေကူမြို့နယ် အရှေ့ဘက် စီသောင်းကျေးရွာကို စစ်ကောင်စီတပ်မှ ဧပြီလ ၉ ရက်နေ့တွင် လေယာဉ် ၂ စီးဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာတစ်ခုလုံး မီးလောင်ပြာကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရွှေကူမြို့မှ ၉ မိုင်ကျော်အကွာတွင်ရှိသော စီသောင်းကျေးရွာကို စစ်ကောင်စီတပ်သည် လေကြောင်းအပြင် မြေပြင်တွင်လည်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သဖြင့် ကျေးရွာတစ်ခုလုံး ပြာကျသွားသည့်အထိ ဖြစ်ခဲ့ရသည်ဟု ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

တစ်ရွာလုံးမီးထဲပါသွားတယ် လေယာဥ် ၂ စီးနဲ့လာကျဲသွားတာ အစောကြီးလာကျဲသွားတာ လေယာဥ်နဲ့ကျဲပြီး မလောင်သွားတဲ့ အိမ်တွေတော့ လေယာဥ်ထွက်သွားပြီးနောက် စစ်သား တွေရွာထဲ ဝင်ပြီးပြန်ရှို့တာ ဘာမှရစရာမရှိတော့ဘူး”ဟု ပြောသည်။

စီသောင်ရွာသည် အိမ်ခြေ ၁၅၀ ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး  နေအိမ်များအပြင် ပြည်သူပိုင်ဖြစ်သည့် စပါးများ၊ အိမ်မွေးတိရစ္ဆာန် ကြက်၊ ဝက်၊ နွား အများအပြားလည်း ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် စီသောင်းကျေးရွာကို ဧပြီလ ၆ ရက်နေ့ ပထမအကြိမ် ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ပြီး ယခုအကြိမ် တိုက်ခိုက်ခံရမှုသည် ဒုတိယအကြိမ်ဖြစ်သည်။

မတ်လ ၂၃ ရက်နေ့တွင် ရွှေကူအရှေ့ခြမ်းရှိ ကျေးရွာများ၌ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တို့ဖြင့် ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ အထိနာခဲ့သောကြောင့် စစ်ရေးတင်းမာမှု ယနေ့အထိ ဖြစ်ပွားနေဆဲဖြစ်သည်။

ရွှေကူအရှေ့ဘက်ခြမ်းရှိသော ကျေးရွာများတွင်  တစ်ပတ်ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏  ဗုံးကျဲတိုက်ခိုက်မှု ၅ ကြိမ် ထက်မနည်း ရှိခဲ့ပြီး မတ်လ ၃၀ ရက်နေ့တွင် စီမူလေးရွာနှင့် မံဝိန်းရွာ၊  ဧပြီ ၅ ရက်နေ့ စီမူလေး၊ စီမူကြီးနှင့် စီသာကျေးရွာ၊ ဧပြီ ၆ ရက်နေ့ တုံးကောက်ကျေးရွာနှင့် စီသောင်ကျေးရွာ၊ ဧပြီ ၉ ရက်နေ့တွင် မံခါးကျေးရွာတို့တွင် ဗုံးကျဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button