သတင်း

စစ်ရေးတင်းမာနေဆဲဖြစ်သည့် ကျေးရွာ ၃ ရွာမှ စစ်ရှောင်များအတွက် အကူညီလိုအပ်နေဆဲ

ဗန်းမော်မြို့နယ် ခဲမနိုင်၊ နမ့်သဲ၊ မံစီမြို့နယ် နမ့်အူကြီး ကျေးရွာ ၃ ရွာမှ ဒေသခံစစ်ရှောင်များ နေရပ်မပြန်နိုင်သေးသည့်အပြင် အကူအညီများ ဆက်လက်လိုအပ်နေသေးကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

အဆိုပါ စစ်ရှောင်များသည် ဧပြီလ ၂၆ ရက်နေ့ တိုက်ပွဲကြောင့် မံသာ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းသို့ လာရောက်တိမ်းရှောင်နေကြသည့် စစ်ရှောင်များဖြစ်ပြီး လက်ရှိချိန်လည်း စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်သောကြောင့် နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်သည်ဟု မံသာ ကချင်နှစ်ခြင်း အသင်းတော်မှ တာဝန်ရှိသူက KNG ကိုပြောသည်။

အခြေအနေက ပြောရမယ်ဆိုရင် စစ်တပ်ဘက်ကသူတွေ အဖွဲ့ကွဲပြီး ပျောက်နေတယ်လို့ကြားတယ်၊ ခဲမနိုင်က သူတွေကတော့ လုံးဝကို ပြန်လို့မရတော့သလိုဖြစ်နေပြီ၊ ရွာထဲမှာ ဗုံတွေထောင်ထားတယ်လို့လည်းကြားတယ်၊ ကျန်တဲ့ နှစ်ရွာက ရွာထဲမှာတော့ တိုက်ပွဲမဖြစ်ဘူး။ ဒါပေမဲ့ ပြန်မယ်ဆိုရင်တောင် စစ်တပ်ဘက်ကသူတွေ ပုန်းနေတာလား ပျောက်နေတာလား သေချာ မသိလို့ ပြန်ဖို့အတွက်ကို စိတ်ပူနေကြတယ်ဟုပြောသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသည့် အိမ်ထောင်စုမှာ ၃၇ စုနှင့် လူဦးရေ ၁၀၀ ကျော်ထိရှိလာပြီး နေရာထိုင်ခင်း အခက်အခဲများ ရှိနေကြောင်း မံသာ ကချင်နှစ်ခြင်းအသင်းတော်မှ တာဝန်ရှိသူက KNG ကိုပြောသည်။

စစ်ရှောင်တွေက တိုးလာတာနဲ့ အိပ်ဖို့နေရာကမရှိ အရမ်းခက်ခဲနေတယ်၊ ခင်းဖို့ မိုးကာအကာအကွယ် ဘာမှမရှိဘူး၊ အခုက နေစရာခိုလှုံဖို့ ဆောက်တဲ့အခါ မိုးကာတွေ လိုအပ်တယ်၊ အိမ်သာလည်း နှစ်လုံးဘဲရှိတော့ အဆင်မပြေဘူးလေ၊ အိမ်သာဆောက်ဖို့လည်း အရမ်းလိုအပ်နေတယ်၊ ရေဆိုရင်လည်း စက်ရေတွင်းတစ်ခုတော့ရှိ အဲ့ကနေဘဲ အကုန်သုံးတယ်၊ မီးမလာချိန်များတော့ ဆီတွေပြန်ဝယ်ထည့်ရတာနဲ့ အခက်အခဲတွေကြုံနေတယ်ဟုပြောသည်။

စစ်ရှောင်များထဲတွင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အများဆုံးပါဝင်ပြီး တစ်ကိုယ်ရည် ကျန်းမာရေး အခြေခံပစ္စည်းများမှအစ နာမကျန်သူများသည့်အတွက် ဆေးဝါအကူအညီများလည်း လိုအပ်နေကြောင်း ၎င်းက KNG ကိုပြောသည်။

အစားအသောက်လည်း လိုအပ်နေတယ်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးကလည်း အရေးကြီးတယ်လေနော်၊ ဆပ်ပြာ၊ သွားတိုက်ဆေးကအစပေါ့၊ အခုက အရမ်းပူလို့ ကလေးတွေဖျားတယ် ဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆရာမတွေ၊ အဖွဲ့အစည်းတွေရှိရင်လည်း အကူအညီပေးနိုင်ရင် ကောင်းတာပေါ့ဟုပြောသည်။

ခဲမနိုင်၊ နမ့်သဲ၊ နမ့်အူကြီး ကျေးရွာသည် မံသာကျေးရွာ နှင့် ၁၆ မိုင်အကွာတွင်သာရှိပြီး စင်းခန်းကျေးရွာနှင့် ၇ မိုင်ခန့်ရှိကာ ဧရာဝတီမြစ်ဘေးတစ်လျှောက်တည်ရှိသည့် ကျေးရွာများဖြစ်သည်။

လက်ရှိ မံသာကချင်နှစ်ခြင်းအသင်းတော်တွင် လာရောက်တိမ်းရှောင်နေကြသည့် စစ်ရှောင်များသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြားတိုက်ပွဲ ဖြစ်ပွားမှုကြောင့် စင်းခန်းကျေးရွာမှ အဆိုပါ ကျေးရွာ ၃ ရှိသည့် နေရာဘက်သို့ စစ်ကြောင်းထိုးဝင် ရောက်လာသောကြောင့် မံသာ ကချင်နှစ်ခြင်းဘုရားကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button