သတင်း

ဖမ်းဆီးခံရသည့် ဖားကန့် ဒေသခံ ၇၀ ဦးကို KIA နှင့် ဆက်စပ်သည်ဟုဆိုကာ ဆက်လက်ဖမ်းဆီးထားဆဲ

ဖားကန့်မြို့နယ် Maden Yang (မှော်ဘုံကျေးရွာတွင် စစ်ကောင်စီ ဖမ်းဆီးထားသော အရပ်သား ၂၀၀ နီးပါးအနက် အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း ၇၀ ဦးကို KIA နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားပြီး အသတ်ခံရသူအချို့လည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၁ ရက်နေ့ စစ်ကောင်စီတပ်အင်အား အလုံးအရင်းဖြင့် Maden Yang (မှော်ဘုံကျေးရွာသို့ ရုတ်တရက်ဝင်စီးချိန် ဖမ်းဆီးခဲ့သောအရပ်သားကို ဧပြီလ ၂၆ ရက်နေ့ တစ်ကြိမ်၊ ၂၇ ရက်နေ့တစ်ကြိမ် ပြန်လွှတ်ပေးခဲ့သော်လည်း ၇၀ ဦးခန့်ကို KIA  PFD တို့နှင့် ပတ်သက်ဆက်နွယ်မှုရှိနေသည်ဟုဆိုကာ ဆက်ဖမ်းဆီးထားဆဲဖြစ်‌ကြောင်း ဒေသခံတစ်ဦးကပြောသည်။

အများပိုင်းပြန်လွတ်လာပေမယ့် တချို့တော့လည်း မလွတ်လာသေးဘူးဗျ။ အခု ဖမ်းခံထားရတဲ့သူတွေက သူတို့နေအိမ်တွေမှာ KIA/KIO ကထုတ်တဲ့ ပြက္ခဒိန်ရှိတဲ့အိမ်တွေ၊ KIA အလံ သိမ်းထားတဲ့အိမ်တွေပေါ့။ ပြီးရင် လူငယ်တချို့ကို KIA ဆိုပြီး သံသယနဲ့ ဆက်ဖမ်းထားတယ်။ တချို့ဆိုမိသားစုနဲ့တောင် ဆက်သွယ်လို့မရဘူးဟုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဖမ်းဆီးခံထားရဆဲ ပြည်သူ ၇၀ ဦးအနက် အချို့သည် မိသားစုဝင်နှင့်ဆက်သွယ်ခွင့်ရပြီး အစားအသောက်များ ပို့ဆောင်ခွင့်ရသော်လည်း အချို့မှာ မိသားစုဝင် နှင့် လုံးဝ ဆက်သွယ်ခွင့်မပေးသည့်အပြင် အစားအသောက်လည်း ပို့ခွင့် မရကြောင်း သူက ဆက်ပြောသည်။

တချို့လူငယ်တွေက နေရာအစုံကနေလာပြီး ကျောက်ရှာ ဘာရှာလေး ငါးဆယ်ယောက် စုပုံပြီးနေတာရှိတယ်။ အဲ့တာကိုသူတို့က PDF ဘာညာ စွပ်စွဲ ပြီးရိုက်နက်မေးမြန်းတာတွေရှိတယ်တဲ့ အခုသိရတာ ၅ယောက် ၆ယောက်လောက်ကတော့ သတ်ဖြတ်ခံလိုက်ရတယ်တဲ့ သူတို့စစ်ကြောရေးမှာပဲ ဘယ်သူဘယ်ဝါဖြစ်မလဲတော့ မသိရသေးဘူး။ သတ်ခံရတာကတော့ သေချာသလောက်ဖြစ်နေပြီ”ဟု တော်လှန်ရေးတွင် ပါဝင်နေသည့် ဖားကန့်ဒေသခံ အခြားအမျိုးသားတစ်ဦး ပြောသည်။

သို့သော်လည်း သတ်ဖြတ်ခံရသူများရှိနေသည်ဆိုသော အချက်အလက်ကို KNG က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် အဆိုပါ ဖမ်းဆီးထားသော ဒေသခံများကို စစ်ဝတ်စုံဝတ်ဆင်ပေး၍  လူသားဒိုင်းသဖွယ် ရှေ့တန်းတွင်အသုံးချမှုများလည်း ရှိခဲ့သည်။

ဧပြီ ၂၉ ရက်နေ့ကလည်း စစ်တပ်သည် လုံးခင်းကျေးရွာမှ အရပ်သား ၈၀ ခန့်ကို ဝင်ဖမ်းခဲ့ပြီးနောက် ဧပြီလ ၃၀ ရက်နေ့တွင်မူ ၎င်းတို့ကို KIA PDF နဲ့ မပတ်သက်ရန် ပြောဆိုခြိမ်းခြောက်ပြီး ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button