စစ်ပြေးဒုက္ခသည်များသတင်း

ဒဘတ်ကျေးရွာတွင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်

ဆယ်စုနှစ်တစ်ခုအကြာ စစ်ဘေးရှောင်ခဲ့ကြရသည့် ဝိုင်းမော်မြို့နယ် ဒဘတ်ကျေးရွာမှ နေရပ်ပြန် ပြည်သူများ ကျေးရွာတွင် မူလတန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ဒေသခံများမှ သိရသည်။

မေလ ၂၇ ရက်နေ့မှစပြီး စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်ရန်အတွက် ပျက်စီးနေသည့် ကျောင်းဆောင်များအား ပြန်လည်ပြုပြင်နေပြီဟု ဒဘတ်ကျေးရွာ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ 

သန့်ရှင်းရေးတွေ အကုန်လုပ်ပြီးတော့ ပျက်စီးနေတဲ့ ကျောင်းဆောင်မှာဘဲ ဒီနေ့ကနေစပြီး ပြန်ပြုပြင်ဖို့လုပ်နေကြပြီ၊ သွပ်တွေလည်းရပြီ၊ ကျောင်းသားတွေလည်း လက်ခံနေပြီဟုပြောသည်။

ဒဘတ်ကျေးရွာတွင် ပညာသင်ကြား တက်ရောက်ကြမည့် ကျောင်းသားစာရင်း ၂၈၂ ဦးရှိပြီး မူလတန်းအဆင့်တွင် ကျောင်းသား ၄၆ ဦး နှင့် ကျောင်းသူ ၃၀ ဦး စုစုပေါင်း ၇၆ ဦးရှိ၍ အစိုးရမှ ချမှတ်ပေးထားသည့် ဆရာမ ၄ ဦးလည်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်တွင် ကချင်ပြည်နယ် ကောင်စီအစိုးရမှ တစ်ဖန်ကွင်းဆင်းလေ့လာပြီး ကျောင်းဆောင်ပြန်လည် ပြုပြင်ရန် အတွက် သိန်း ၁၀၀ ထောက်ပံ့ပေးခဲ့ကြောင်း ဒဘတ်ကျေးရွာ တာဝန်ရှိသူက KNG ကိုပြောသည်။

အရင် တစ်ခေါက် သူတို့လာတဲ့အချိန် ကျောင်းသားတွေ ကျောင်းပြန်တက်နိုင်ဖို့၊ ယာယီကျောင်းဆောင် ဆောက်ရင် သုံးဖို့ သိန်း ၁၀၀ တင်ပြတောင်းခဲ့တယ်၊ သူတို့အနေနဲ့ တကယ်လုပ်ဖြစ်ရင်တော့ ပေးမယ်ပြောလို့ ကျွန်တော်တို့လည်း လုပ်ထုံးလုပ်နည်းအတိုင်း လူမှုဝန်ကြီးရုံးတွေမှာ မြို့နယ်ဝန်ကြီး လက်မှတ်တွေနဲ့ ကျေးရွာ၊ မြို့နယ် အဆင့်ဆင့် အထောက်အထားတွေနဲ့ ပြန်တင်ပြတော့ သိန်း ၁၀၀ ပေးတယ်၊ ဒါပေမဲ့ ငွေသားတော့ မရသေးဘူးပေါ့ဟုပြောသည်။

ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ခဲ့သော်လည်း တစ်ဖက်တွင်  နိုင်ငံရေးအခြေအနေ လုံခြုံမှုအပေါ်မှာလည်း စိုးရိမ်မှုများ ရှိကြောင်း ဒဘတ်ကျေးရွာ ဒေသခံတစ်ဦးက KNG ကိုပြောသည်။

ကျွန်တော်တို့က အခုမှ အစစအရာရာပေါ့ ကလေးတွေရဲ့ ပညာရေး၊ စားဝတ်နေရေး တွေအတွက် ပြန်လည်ထူထောင်လာတဲ့အချိန် စစ်တွေပြန်ဖြစ်လာမှာစိုးရိမ်တယ်၊ အဲ့တာကြောင့် နှစ်ဖက်အစိုးကနေပြီး တာဝန်ရှိတဲ့သူတွေ ထိန်းထိန်းသိမ်းသိမ်းနဲ့ နားလည်မှုပေးစေချင်တယ်ဟုပြောသည်။

ဒဘတ်ကျေးရွာဒေသခံများ အနေဖြင့် ပြန်လည်ထူထောင်ရေစတင်နေသည့်အချိန်ဖြစ်‌ သောကြောင့် ကျောင်းတက်မည့် ကလေးသူငယ်တွေအတွက် လိုအပ်သည့် ကျောင်းဝတ်စုံ၊ စာအုပ် စာရေးကိရိယာမှ အစ ကူညီထောက်ပံ့ပေးစေလိုကြောင်းလည်း တောင်းဆိုထားသည်။

ဒဘတ်ကျေးရွာတွင် လက်ရှိ အိမ်ထောင်စု ၂၆၄ စုနှင့် လူဦးရေ စုစုပေါင်း ၁၅၀၀ ဝန်းကျင် ရှိပြီး ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တစ်ကျော့ပြန် တိုက်ပွဲကြောင့် ဝိုင်းမော်မြို့သို့ စစ်ဘေးရှောင်ခဲ့ရ ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button