သတင်း

ဆိုင်းတောင်တွင် တရုတ်သူဌေးအိမ် ဓားပြတိုက်ခံရပြီး ကျောက်စိမ်းနှင့်ငွေသား သိန်းတစ်သောင်းကျော်လုယူသွား

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ ရှမ်းကုန်းရပ်ကွက်တွင် မေလ ၂၈ ရက်နေ့ တရုတ်သူဌေး အိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး ငွေသားနှင့် ကျောက်စိမ်းတုံးများပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၈ ရက်နေ့ ည ၉ နာရီအခွဲအချိန်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်သည့် တရုတ်လူမျိုး၏ နေအိမ်ကို လူငယ်ခြောက်ဦးက အိမ်စီးကား ၂ ဦးဖြင့်ရောက်လာကြပြီး နေအိမ်အတွင်းမှ ကျောက်စိမ်းတုံးများနှင့် ငွေသားသိန်းတစ်သောင်းခွဲခန့် ဓါးပြတိုက် လုယူသွားကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

ဟုတ်တယ် ညက ဓားပြတိုက်ခံလိုက်ရတာ တရုတ်သူဌေးအိမ်ကိုဓားပြတိုက်သွားတာပါ။  ပါတာတော့ငွေသားကော ကျောက်ကောပါသွားတယ်တဲ့ဟုပြောသည်။

ဒေသခံမျက်မြင်သက်သေများ၏ ပြောဆိုချက်အရ နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက်ခဲ့သည့် လူငယ် ၆ ဦးသည် အသက် ၂၀ ကျော်နှင့် ၃၀ ကြားရှိသော လူငယ်များသာ ဖြစ်ကြောင်း သိရသည်။

လာတာက အိမ်စီးကား ၂စီးနဲ့လာတာ လူငယ်လေးတွေပဲ ပြောနေကြတာကတော့ အဲ့သူဌေးရဲ့ အိမ်မှာ ပုံမှန်အဝင်အထွက်ရှိတဲ့ သူတွေဖြစ်နိုင်ပဲလို့ပြောတယ်။ ပိုက်ဆံတွေ ကျောက်တွေအများကြီးရှိနေတဲ့အချိန်ကောင်းကို စောင့်ပြီးတော့ကို ဝင်တိုက်တဲ့ပုံစံမျိုးပဲ။ အဲ့သူဌေးအိမ်မှာက ကျောက်ပွဲစားတွေလည်း ပုံမှန်အဝင်အထွက်များတယ်လေဟု အခြားဒေသခံအမျိုးသားတစ်ဦးကပြောသည်။

အဆိုပါ ဓါးပြတိုက်ကျူးလွန်သည့် လူငယ် ၆ ဦးသည် တုတ်၊ ဓါးနှင့် သေနတ်များပါ ကိုင်ဆောင်ပြီး ဓါးပြတိုက်လုယူသွားကြောင်း ဆက်လက်သိရသည်။

ပြီးခဲ့သော မေလ ၁၈ ရက်နေ့တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် အသက် ၄၉ နှစ်အရွယ် ဒေါ်နန်းစိုး ခေါ်သူ သူ၏ နေအိမ်အတွင်း ဓါးခုတ်လုယက်ခံခဲ့ရပြီး မေလ ၁၃ ရက်နေ့တွင်လည်း အောင်ရာကျေးရွာတွင် အသက် ၄၀ နှစ်အရွယ် ဦးကြိုင်ဆိုသူ လုယက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့သည်။

ဖားကန့်ဒေသတွင် စစ်အာဏာသိမ်းသည့်နောက်ပိုင်း လူနေအိမ်များ ဓားပြတိုက်ခံရမှု၊ လမ်းသွားလမ်းလာပြည်သူများသတ်ဖြတ်ခံရမှုနှင့် လုယက်ခံရမှု ပြည်သူလူထုများကြား မကြာခဏ ဖြစ်ပွားနေပြီး ယခု ၂၀၂၃ ခုနှစ်တွင် ပိုမိုများပြားလာသည်ကို တွေ့ရသည်ဟု ဒေသခံများကပြောသည်။

Show More

Related Articles

Back to top button