သတင်း

ဆားလင်းကြီး ရဲစခန်းတိုက်ခိုက်ခံသဖြင့် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ကာကွယ်ရေးပူးပေါင်တပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေးရက်ဆက်တိုက် ကျေးရွာများကို မီးရှို့ ဖျက်ဆီးနေသည်ဟု သိရသည်။

ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် ညောင်ပင်ကြီးရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ စုပေါင်းကာ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အထိနားခဲ့သည့် စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် မုံရွာဘက်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်အင်အား ၂၀၀ခန့် ဖြည့်တင်းကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည်ဟု ဆားလင်းကြီးသတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

စခန်းသိမ်းတိုက်ပွဲပြီးတာနဲ့ မုံရွာဘက်ကမ်းကနေ စစ်အင်အားအလုံးအရင်းနဲ့ထိုးလာတာ။ အဲ့တာ ဒီနေ့ လေးရက်မြောက်တဲ့နေ့ အထိကို မီးရှို့နေတာ ညောင်ပင်ကြီးအုပ်စုတစ်ခုလုံးကို အပြောင်ကို ရှို့မယ်လို့ ယူဆ ရတယ် ဆုံးရှုံးမူကိုတော့မသိရသေးပါဘူးဟုဆိုသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ညောင်ပင်ကြီးအုပ်စုရှိ ရွာရှည်ကျေးရွာနှင့် သိမ်တော်ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့နေသည်ဟု ဆာလင်းကြီးဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

ညောင်ပင်ကြီး ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ရဲ၊ စစ်သားအပါအဝင် ၁၀ဦး ထက်မနည်းသေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဘက်က လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များ အရသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ညောင်ပင်ကြီးအုပ်စုကို ဝင်ရောက်စီးနင်းမီးရှို့နေခြင်းကြောင့် ဒေသခံ ၂၀၀၀ ထက်မနည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆားလင်းကြီး သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောသည်။

ညောင်ပင်ကြီးကျေးရွာအုပ်စုသည် ဆားလင်းကြီးမြို့နှင့် ၁၀ မိုင်အကွာ မုံရွာမြို့နှင့်ချင်းတွင်းမြစ်အနောက် ဘက်ကမ်းတွင် တည်ရှိပြီး ရွာရှည်၊ သိမ်တော်၊ အမှတ်၂၊ အမှတ်၃၊ အမှတ်၄၊ ထန်းတော၊ အိုမ စသည့်ကျေးရွာများ တည်ရှိသည့် ကျေးရွာအုပ်စုကြီးတစ်ခု ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသော ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဗန်ဂျီကို နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ညောင်ပင်ကြီးကျေးရွာသစ်ကွင်းတွင် တွေ့ရှိခဲ့သည်။

Show More

Related Articles

Back to top button