သတင်း

NUG အောက် မြစ်ကြီးနားဖက်ဒရယ်ကျောင်းတွင် ယခုနှစ် ကျောင်းသား ၇၀၀ ဝန်းကျင်ရှိ

NUG အောက်ဖွင့်လှစ်ထားသည့် မြစ်ကြီးနားဖက်ဒရယ်ကျောင်းတွင် ၂၀၂၃၂၀၂၄ ပညာနှစ်တွင် ကျောင်းသား၊သူ စုစုပေါင်း ၇၀၀ ခန့်ဖြင့်စတင် ကျောင်းဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။

 အဆိုပါ မြစ်ကြီးနားဖက်ဒရယ်စကူးလ်ကျောင်းသည် ကိုဗစ်၁၉ နှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် အတန်းပညာ ပြတ်လပ်ခဲ့ရသည့် ကျောင်သားများအတွက် အတန်းတစ်ခုချင်းစီကို ၆ လ တဖြတ်နည်းဖြင့် စဉ်ဆက်မပြတ် သင်ကြားပေးနေကြောင်း မြစ်ကြီးနားအခြေခံပညာရေးဘုတ်အဖွဲ့၏ ဆရာကြီးတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောသည်။

 ကလေးတွေကို အွန်လိုင်း zoom နဲ့ပညာသင်ကြားပေးတာကို စဉ်ဆက်မပျက် လုပ်ဆောင်နေတယ်။ ၆လ တစ်ဖြတ်နဲ့ သင်ကြားပေးနေတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ရောဂါကြောင့် တစ်နှစ်၊ နိုင်ငံရေးကြောင့် တစ်နှစ် အဲဒါတွေကို အစားပြန်ရနိုင်ဖို့ ကလေးတွေ အသက်နဲ့ အတန်းနဲ့ ညီမျှအောင် ကျွန်တော်တို့ ပြုလုပ်နေတယ်။ အခုလည်း ဒီဇွန်လမှာ အတန်းတစ်တန်းပြီးမယ်။ ဇူလိုင်လကစပြီး နောက်ထပ်တဖြတ်ပြန်စတော့မယ်။ ဟု ၎င်းက ပြောသည်။

မူလတန်းနှင့် အလယ်တန်းအဆင့်ထိကို ဇန်နဝါရီ မှ ဇွန်လထိ တစ်ဖြတ်၊ ဇူလိုင်မှ ဒီဇင်ဘာလထိ တစ်ဖြတ် စသဖြင့် ၆လ တဖြတ်သင်ကြားပေးနေပြီး တက္ကသိုလ်ဝင်တန်းကျောင်းသားများအတွက်ကိုမူ သင်ကြားကာလ ၁၀ လ သတ်မှတ်ကာ ဖွင့်လှစ်သင်ကြားပေးနေသည်ဟု ပြောသည်။

အွန်လိုင်းအခက်အခဲနှင့် အခြားစိန်ခေါ်မှုများကြောင့် ကျောင်းသားကျောင်းသူအများပိုင်း နီးစပ်လွယ်ကူရာ စစ်ကောင်စီဖွင့်လှစ်သည့် ကျောင်းများတွင်သာ တက်ရောက်သွားကြသူများ ယခင်နှစ်ထက် တိုးမြှင့်သွားကြောင်းလည်း ဆရာကြီးက ပြောသည်။

သို့သော်လည်း စစ်အာဏာရှင်၏ ပညာရေးစနစ်ကိုလည်း တွန်းလှန်ရင်း NUG ပညာရေးဝန်ကြီးဌာနအောက် ဖက်ဒရယ်ကျောင်းများတွင် ကျောင်းသူ၊ကျောင်းသားများ ပညာသင်ကြားခွင့်ရရှိနိုင်ရန် CDM ဆရာ၊ ဆရာမများနှင့် ဆရာကြီး ဆရာမကြီးများ ပူးပေါင်းကာ ကျောင်းဖြစ်မြောက်ရေးနှင့် ပညာသင်ကြားပေးနိုင်ရေး ကြိုးပမ်းနေမြဲဖြစ်ကြောင်း ယခုလို ဆက်ပြောသည်။

လုံခြုံရေးကြောင့်၊ အပြင်မှာ ကျောင်းကောင်းကောင်းမတက်နိုင်တဲ့ ကျောင်းသူကျောင်းသားတွေ မည်သူမဆို ဒီကျောင်းမှာ ကျောင်းတက်နိုင်အောင် ကြိုးပမ်းနေတယ်။ ကျွန်တော်တို့တော့ မြစ်ကြီးနား ဘုတ်အဖွဲ့ဝင်တွေပေါ့။ အခုချိန် မြစ်ကြီးနား ဖယ်ဒရယ်စကူးလ်ဆိုပြီး ကျောင်းဖွင့်လှစ်နေတယ်။ NUG လက်အောက် MOE ကနေ စာမေးပွဲမေးခွန်းတွေကို ကောင်းကောင်းစီစဉ်ပေးပြီး လုပ်နေတယ်။ စာမေးပွဲတော့ Google form ကနေဖြေရတာဖြစ်တယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားပြီး သူတွေလည်းရှိပြီ  ကျနော်တို့အနေနဲ့တော့ ပညာသင်ကြားပေးနိုင်အောင်၊ ကျောင်းဖြစ်မြောက်အောင် ကြိုးပမ်းနေပါတယ်။” ဟု မြစ်ကြီးနားပညာရေးဘုတ်အဖွဲ့မှ ဆရာကြီးက ပြောသည်။

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့်ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုထားသည့် စာဖြေသူများ၏ အသိအမှတ်ပြုလက်မှတ်အားလုံးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ထုတ်ပေးမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင် ကြောညာချက်ထုတ်ပြန်ထားသည်။

လုံခြုံရေးကြောင့် အများအားဖြင့် အွန်လိုင်းဖြင့်သာ ကျောင်းဖွင့်လှစ်သင်ကြားပေးနိုင်သော်လည်း အခြားလုံခြုံသည့် ဒေသများတွင်မူ အွန်လိုင်းဖြင့်မဟုတ်သော အပြင်ကျောင်းဖွင့်လှစ်သင်ကြားပေးတာလည်း ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ဘုတ်အဖွဲ့နှင့် ကျောင်းပေါင်း ၁၀ ခုခန့် ဖွင့်လှစ်သင်ကြားပေးနေရာမှ မြစ်ကြီးနားအခြေခံ ပညာရေးဘုတ်အဖွဲ့တွင်မူ လက်ရှိ CDM ကျောင်းဆရာ၊ ဆရာမများ စုစုပေါင်း ၆၀ ခန့်ဖြင့် လည်ပတ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအောက် မြစ်ကြီးနားပညာရေးဘုတ်အဖွဲ့၏ မြစ်ကြီးနား ဖက်ဒရယ်စကူးလ်အွန်လိုင်းကျောင်းတွင် ပြီးခဲ့သည့် ၂၀၂၂၂၀၂၃ ပညာသင်နှစ်အား ကျောင်းသားပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်။

မြစ်ကြီးနားဖက်ဒရယ်စကူးလ်ကျောင်းတွင် စစ်ကိုင်းတိုင်းဘက်မှ ကျောင်းသားကျောင်းသူ အများပိုင်း တက်ရောက်သင်ယူနေကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်မှစတင်ကာ စစ်အာဏာရှင်ကိုတွန်းလှန်သည့် CDM ဆရာ၊ဆရာကြီးများ ပူးပေါင်းပြီး ပညာရေးဘုတ်အဖွဲ့များ ဖွဲ့စည်းကာ အနယ်အနယ်အရပ်အရပ်တွင် အွန်လိုင်းကျောင်းဖြင့်ဖြစ်စေ၊ ကျောင်းစာသင်ခန်းဖြင့်ဖြစ်စေ စဉ်ဆက်မပြတ် ကျောင်းဖွင့်လှစ်သင်ကြားပေးနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button