
လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကိုးကန့် MNDAA နှစ်ဖက်တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး သားဖြစ်သူကလေးငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်နက်ကြီးထိမှန် သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၄၀ ကျော်အရွယ် ဒေါ် မယွန် ကလေး ၅ ယောက်အမေဖြစ်ကြောင်း သိရသည်။ ထို့ထဲမှ ၁ နှစ်ကျော်အရွယ်ကလေးငယ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟုပြောသည်။
ဇွန်လ ၁၁ ရက်နေ့ ဟူနားအုပ်စု၊ မန်ဘန် (Man Bang) ကျေးရွာတွင်ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦး KNG ကို ယခုလို ပြောသည်။
“တနင်္ဂနွေနေ့က ၁ နာရီကနေ ၂ နာရီအထိ တိုက်ပွဲဖြစ်တာ။ အဲ့ဒါနဲ့ ရွာထဲက အိမ်တစ်အိမ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အဲ့မှာ အမျိုးသမီး မိခင်တစ်ဦး သေဆုံးသွားတယ်။ သူ့ကလေးက လက်နက်ကြီးစနဲ့ ဒဏ်ရာရသွားတယ်။ ရွာသားတွေက အခု တောင်ယာခင်း၊လယ်ခင်းထဲ ထွက်ပြေးသူကထွက်ပြေး ပြီး လားရှိုးမြို့ထဲကိုလည်း တချို့ထွက်ပြေးလာတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်
ဇွန်လ ၁၀ ရက်နေ့ကတည်းက လားရှိုးမြို့ ခမရ ၅၀၇ မှ စစ်ကောင်စီ စစ်ကြောင်း အင်အား ၆၀ ခန့်ဖြင့် မန်ဘန်ရွာသို့ ရောက်ရှိလာပြီး ရွာသားများကို အကြမ်းဖက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများ ပြောသည်။
ထိုသို့ပြုလုပ်နေစဉ် ဇွန်လ ၁၁ ရက်နေ့ ကိုးကန့် MNDAA တပ်ဖွဲ့မှ စျေးဝယ်ထွက်လာချိန် ရွာထဲ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“စစ်ကောင်စီဘက်က အရင်ဆုံး အတကုန်လိုက်ပစ်တာ၊ အဲ့တာနဲ့ ရွာထဲတိုက်ပွဲဖြစ်လာတဲ့အချိန် အဲ့ဒီအမျိုးသမီး သားအမိတွေက အမြန်ထွက်မပြေးနိုင်တာပေါ့။ အိမ်ခန်းထဲ ပစ္စည်းအဝတ်တွေ သွားသိမ်းယူနေချိန် ခေါင်မိုးကနေ ငှက်ပျော်ဖူး လက်နက်ကြီး ကျရောက်ပေါက်ကွဲလာတာ၊ အဲ့မှာ ကျောကနေ ရင်၀ထိ တခါထဲထိပြီး သေဆုံးသွားတာ။ သူ့ကလေးက ထိခိုက်ဒဏ်ရာနဲ့ခု ဆေးရုံမှာ။ တိုက်ပွဲက တစ်ခါပစ်ကြရင် မိနစ် ၂၀ လောက်လောက်ကြာတယ်။ ၁ နာရီ ဝန်းကျင်ပစ်ကြတာ။”ဟုနောက်ထပ် မန်ဘန်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့မှကျေးရွာထဲ နေရာယူကာ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခတ်ခဲ့ကြသောကြောင့် ကျေးရွာအတွင်း မပေါက်ကွဲပဲကျန်နေသေးသည့် လက်နက်ကြီး (ရွာသားများခေါ်–ငှက်ပျောဖူး) ၆ လုံး တွေ့ရှိကြောင်း ဆိုသည်။
လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသောကြောင့် လူထိခိုက်သေဆုံးမှုရှိခဲ့သည်သာမက နေအိမ် ၂ အိမ်လည်း ထိခိုက်ပျက်စီးသွားကြောင်း ဆက်လက် သိရသည်။
လက်ရှိ မန်ဘန်ကျေးရွာမှ ဒေသခံပြည်သူ အိမ်ထောင် ၁၃ စု၊ လူဦးရေ ၁၀၀ ကျော်သည် လားရှိုး ကတ်သလစ် ဘုရားကျောင်းဝင်း၌ တိမ်းရှောင်နေရပြီး၊ တချို့မှာ ဆွေမျိုးနေအိမ်တွင် ခိုလှုံနေရသည်။
မန်ဘန် (Man Bang) ကျေးရွာသည် လားရှိုးမြို့ အရှေ့ဘက်ခြမ်း မိုင် ၂၀ ဝန်းကျင်အကွာအဝေးတွင် တည်ရှိပြီး ကချင်၊ တရုတ်လူမျိုးအများစုနေထိုင်ကာ အတူယှဉ်တွဲနေထိုင်သော အိမ်ခြေ ၂၀ ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်သည်။
လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကိုးကန့် MNDAA တပ်တို့ကြား ပြီးခဲ့သည့် ဇွန်လဆန်းမှစပြီး တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။