အွန်လိုင်းပေါ် တွင် လေယာဉ်လက်မှတ် လိမ်လည်ရောင်းချသူများလာဟုဆို

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း အွန်လိုင်းပေါ် တွင် လေယာဉ်လက်မှတ် လိမ်လည်ရောင်းချသူများ ပိုမိုများပြားလာသောကြောင့် လိမ်လည်ခံရသည့် ပြဿနာ ကြာခဏ ဖြစ်ပွားနေသည်ဟု လေယာဉ်လက်မှတ်အရောင်းဌာနများမှ သိရသည်။
လေယာဉ်လက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသူများပြားလာသည့်နှင့်အမျှ အွန်လိုင်းပေါ်တွင် ဖေ့စ်ဘုတ်ပေ့ချ် အကောင့်အတုများဖွင့်ကာ လိမ်လည်ရောင်းချမှု ပိုမိုတွေ့ရှိလာသည်ဟု မြစ်ကြီးနားမှလေယာဉ်အရောင်းဌာနတစ်ခုဖြစ်သည့် Glamour MalikhaTravel မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။
“တစ်ချို့က ကုမ္ပဏီနာမည်နဲ့ မဟုတ်ဘူး၊ ပြည်တွင်းလေယာဉ်လက်မှတ်၊ ပြည်ပလေယာဉ်လက်မှတ်ဆိုပြီးဖွင့်ထားတာ လိုက်ခ်များတဲ့သူတွေလည်းရှိတယ်၊ တစ်ချို့က သူများရဲ့ ပေ့ချ်နာမည်နဲ့အတုပြန်ဖွင့်ပြီးလိမ်တာ၊ သူများတကယ်ရှိတဲ့ လိပ်စာနဲ့ သူတို့ရဲ့ ပေ့ချ်မှာ ပြန်လုပ်ထားတယ်၊ ပြီးရင်သူတို့က နဂိုဈေးနှုန်းထက် ၅၀၀၀၊ ၁၀၀၀၀ လျော့ပြီး ရောင်းကြတာ၊ Kpay Waveတွေကနေလိမ်ကြတာများတယ်”ဟုပြောသည်။
လေယာဉ်လက်မှတ်ဝယ်ယူမည့်သူများအနေဖြင့် Booking ကုဒ်နံပါတ်များကို သေချာစစ်ဆေးပြီး မိမိစီးမည့် လေယာဉ်လိုင်းတွင် မည်သည့်အရောင်းဌာနမှ လုပ်ထားသည့် Booking များအား သေချာစေရန် ဖုန်းဆက်မေးသင့်ကြောင်း သူကဆက်ပြောသည်။
လိမ်လည်ပြီး လေယာဉ်လက်မှတ်ရောင်းချသူများသည် ၎င်းတို့၏ ပေ့ချ်အတုများစွာဖြင့် အမှန်တကယ်လေယာဉ်လက်မှတ်ရောင်းချနေသူများ၏ အကောင့်ပေ့ချ်များအား ပုံတူကူးယူကာ ပေ့ချ်လုပ်ထားသည့်အကောင့်များဖြင့် ရောင်းချမှုလုပ်နေသည်ကိုတွေ့ရသည်။
လက်ရှိမြင်တွေ့ရသည့် အကောင့်တုအချို့များသည် AIR KBZ၊ Myanmar National Airlines၊ Aviation Internally and internally Wai Han၊ လေယာဉ်လက်မှတ်အရောင်းဌာနနှင့် ခရီးစဉ်( Yangon)၊လေယာဉ်လက်မှတ်၊ ပြည်တွင်း/ပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန၊ Air Ticke၊ ပြည်တွင်း/ပြည်ပလေယာဉ် လက်မှတ်အရောင်းဌာန၊ ပြည်တွင်းလက်မှတ်အရောင်းဌာန၊ ပြည်တွင်း/ပြည်ပ Oneline Air Ticket အရောင်းဌာနဖြစ်ကြောင်း မြစ်ကြီးနားလေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုဖြစ်သည့် Glamour MalikhaTravel ပေးပို့လာသည့်အချက်များအရ သိရသည်။
အဆိုပါ အကောင့်တုများထဲမှ ပြည်တွင်း/ပြည်ပ Oneline Air Ticket အရောင်းဌာနအကောင့်ဖြင့် ယခုနှစ် မတ်လအတွင်း မန်းလေး–မြစ်ကြီးနားခရီးစဉ် လေယာဉ်လက်မှတ်ကို အွန်လိုင်းမှ တစ်ဆင့် လိမ်လည်ခံရသည့် မြစ်ကြီးနားဒေသခံ မဆိုင်းပန်းကလည်း သူမကိုယ်တိုင် လိမ်လည်ခံလိုက်ရကြောင်း ယခုလိုပြောပြသည်။
“ကျမဝယ်နေကျ နေရာမှာ လက်မှတ်မရတော့လို့ဆိုပြီး ကျမကလည်းအရေးတကြီးလိုင်းပေါ်မျာပြန်ရှာလိုက်တော့ ပေ့ချ်တစ်ခုတွေ့ပြီး သွားမေးတာ ရသေးတယ်တဲ့ အခုလေးတင်သူများ Cancel လုပ်လိုက်တာတဲ့လေ အဲတာနဲ့ ကျမလည်းဟုတ်ပြီပေါ့ဆိုပြီး သူတို့ဘက်ကနေ မှတ်ပုံတင်ပို့ခိုင်းတယ် အချိန်အရမ်းကပ်နေပြီဖြစ်တဲ့အတွက် ပိုက်ဆံကြိုလွှဲပေးရမယ်ပြောတယ်။ ကျမလည်း လေယာဉ်အချိန်ဇယားအရင် ပို့ပေးပါလားပေါ့ ပိုက်ဆံကိုမနက်ဖြန်အစောကြီး လွှဲပေးမယ်ပြောတ မရဘူးဆိုတာနဲ့ ကျမအကောင့်မှာရှိတဲ့တစ်ဝက်လွှဲထားပေးလိုက်တာလည်း မရဘူးပြောလို့ အကုန်လွှဲပေးလိုက်တာ၊ မနက် ၆နာရီထိုးတာနဲ့လက်မှတ်ပို့လိုက်မယ်ပြောတယ် ဒီညတော့ ဝန်ထမ်းတွေပြန်သွားလို့ဆိုပြီးပြောတယ်။ နောက်နေ့ကျတော့ မပို့လာဘူး ဖုန်းဆက်တော့လည်း အခုပို့မယ် ခနကြာတော့ ဆက်လို့မရတော့ဘူး လိမ်ခံရတာ နှစ်ယောက်စာ ၃သိန်းကျော်ပါသွားတယ်”ဟုပြောပြသည်။
တရားဝင်လေယာဉ်လက်မှတ်အရောင်းဌာနများသည် လေယာဉ်လက်မှတ်ဝယ်ယူသူအား Booking စနစ်အတိုင်း လုပ်ထုံးလုပ်နည်းများအားလုံး သေချာစီစစ်လုပ်ဆောင်ပြီးနောက်တွင် အဆိုပါအချက်လက်များ မှန်ကန်မှုရှိမရှိ သေချာစေရန် Customer များအား တစ်ဖန်စီစစ်ခိုင်းပြီးမှသာငွေလွှဲခိုင်းခြင်းမျိုးလုပ်ဆောင်ပေးနေကြောင်း နောက်ထပ် လေယာဉ်လက်မှတ် အရောင်းဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ယခုလို ထပ်မံပြောပြသည်။
“အရမ်းကိုကွာတာ သူတို့က ငွေလက်ခံတာတွေကိုလည်း Personal အကောင့်နဲ့လုပ်တာ ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူး၊ ကုမ္ပဏီရဲ့ နာမည်နဲ့ ဘဲလုပ်တာ၊ Customer တွေတစ်ခါတလေတောင်းဆိုတာတော့ရှိတယ်၊ ပြီးရင် ကျွန်တော်တို့က ငွေကြိုလွှဲခိုင်းတာတွေမလုပ်ဘူး၊ လက်မှတ်ဝယ်တဲ့Booking စနစ်တွေ လုပ်ထုံးလုပ်နည်းတွေ အကုန်လုပ်ပြီးမှ ငွေလွှဲခိုင်းတာ”ဟုပြောသည်။
ယခုကဲ့သို့ လိမ်လည်ရောင်းချနေသူများကို အရေးယူပေးရန် လေယာဉ်လက်မှတ်အရောင်းဌာန အသီးသီးမှ ခရီးသွားလုပ်ငန်းရှင်များအသင်းထံ စာတင်ပြရန် ဆွေးနွေးပြင်ဆင်နေကြသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ ကြန့်ကြာနေရခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနက တာဝန်ရှိသူများက ပြောသည်။
လေယာဉ်လက်မှတ်အရောင်းဌာနများ၏ ပြောဆိုချက်အရ လိမ်လည်သူများသည် ယခုနှစ် နှစ်အတွင်း ပိုမိုများပြားလာသည်ဟုသိရသည်။