တိုက်ပွဲသတင်း

ဝန်းသိုတွင် ပျူစောထီး ၃ ဦး တိုက်ခိုက်ခံရပြီး လက်နက်အချို့သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် ဆီကားများအား အခွန်ကောက်ရန်စောင့်ဆိုင်းနေသည့် ပျူစောထီးအဖွဲ့ကို ကာကွယ်ရေးတပ်ဘက်မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ၃ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့သည်ဟု Wuntho Revolution -WR က သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ယမန်နေ့ နံနက်ပိုင်း ၇ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ရွှေကောင်းထက်ဆီဆိုင်သို့ ပျူစောထီးများကားဖြင့် ဆီကားများအားအခွန်ကောက်ခံလာသည်ကို သတင်းရရှိရာမှ သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု Wuntho Revolution-WR မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပျူတွေက ဆီးကားတွေကို လာစောင့်ပြီး အခွန်ကောက်တာကို သတင်းရလို့တိုက်ခိုက်ခဲ့တာပါ ဝန်းသိုမြို့ အရှေ့ဘက်နားမှာပါပဲ သူတို့က ၃ ယောက်ပဲလာတာ ၃ယောက်လုံးသေဆုံးသွားပါတယ်။ လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်ဟု Wuntho Revolution-WR မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးခဲ့သည့် ပျူစောထီး ၃ ဦးလုံးသည် အသက် ၄၀ ကျော်အရွယ်များဖြစ်ပြီး ဝန်းသိုမြို့ရှိ ပျူစောထီးခေါင်းဆောင် ကျော်ဝင်းမောင်၊ ပျူစောထီးဝင်းကို နှင့် အခြားအမည်မသိ ပျူစောထီးတစ်ဦးတို့ ဖြစ်သည်ဟု သူကဆက်ပြောသည်။

ထို့အပြင် ကာဘိုင် ၁ လက်၊ KA ၁လက်၊ လက်လုပ်သေနတ်နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ဝန်းသိုမြို့နယ်တွင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်ထိ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုဇွန်လတတိယအပတ်မှ စတင်ကာ ဝန်းသိုမြို့ပေါ်တွင် အင်အားဖြည့်တင်းတာတွေပြုလုပ်နေသည်ဟု Wuntho Revolution-WR အဖွဲ့က ပြောသည်။

ဒီလထဲမှာတော့ စစ်ကြောင်းမထိုးသေးဘူး သူတို့ဘက်က အဓိကတော့ မြို့ပေါ်ကို အင်အားဖြည့်တင်းတာတွေလုပ်နေတယ်။ တပ်အခင်းအကျင်းရောပေါ့ ပြီးခဲ့တဲ့လကတော့ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်ဟုပြောသည်။

ဝန်းသိုမြို့နယ်သည် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားကောင်းသည့်နေရာဖြစ်ပြီး စစ်ကောင်စီတပ်များ မကြာခနစစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုများရှိနေသည့်အပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှလည်း မကြာခန ခြုံခိုတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button