သတင်း

ရွှေကူမြို့နယ်  KIA ၊ PDF စိုးမိုးထားသည့် နေရာများတွင် စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းဖွင့်လှစ်ရန် ခွင့်ပြုမည်မဟုတ်ကြောင်းပြောဆို

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF စိုးမိုးထားသည့်နေရာများတွင် စစ်ကောင်စီ စာသင်းကျောင်းများ ဖွင့်လှစ်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ရွှေကူမြို့နယ် KIA တပ်ရင်း ၁၂ နယ်မြေအတွင်း  ရွှေကူအရှေ့တောင်ဘက်ခြမ်းနှင့် တပ်ရင်း ၅နယ်မြေ ဖြစ်သည့် အနောက်ဘက်ခြမ်း ကျေးရွာပေါင်း ၂၀ ကျော်တွင် စစ်ကောင်စီ ဖွင့်လှစ်မည့်ကျောင်းများ ခွင့်ပြုမည်မဟုတ်ကြောင်း ရွှေကူ PDF မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းကိုပြောသည်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့စစ်ကောင်စီ ကျောင်းတွေကို လက်မခံကြောင်း အစကတည်းကနေ ပြောပြီးပြီလေး ကျွန်တော်တို့နေရာစိုးမိုးထားတဲ့နေရာတွေမှာလည်းဒီဘက်ကနေ(NUG ကျောင်း) ဖွင့်ပေးထားတာ တွေရှိတယ်။ ကျွန်တော်တို့ စိုးမိုးထားတဲ့နေမြေတွေမှာတော့ စစ်ကောင်စီကျောင်းဖွင့်ထားတာမရှိပါဘူး နေရာမစိုးမိုးရသေးတဲ့နေရာတွေ တချို့နေရာတွေမှာတော့ရှိတယ် အဓိကတော့ မြို့ပေါ်တွေမှာပဲရှိတယ် ရွာထဲက Non-CDM တွေတောင်မြို့ပေါ်မှာပဲသွားနေကြတယ်ဟုပြောသည်။

ရွှေကူအရှေ့တောင်ဘက်ခြမ်းရှိ KIA ရင်း ၁၂ နယ်မြေတွင် KIA PDF စိုးမိုးထားသည့် ကျေးရွာများမှာ စီသာ၊ စီသောင်၊ နန့်လန်၊ နောင်လတ်ကြီး၊ စီမူလေး၊ စီမူကြီး၊ မံဝင်း၊ ဝင်ဝ၊

ငှက်တံတား၊ မံနား၊ မံခါး စသည့်ကျေးရွာပေါင်း ၂၀ ကျော်အထိရှိပြီး  ရွှေကူ အနောက်မြောက်ဘက်ခြမ်းမှာ KIA ရင်း ၅ နယ်မြေဖြစ်ကြောင်းသိရသည်။

လက်ရှိ KIA နှင့် PDF စိုးမိုးထားသည့် ရွှေကူမြို့နယ်အရှေ့တောင်ခြမ်းရှိ ကျေးရွာများတွင် ယခုနှစ် ပညာသင်နှစ်အတွက် အမျိုးသားညီညွှတ်ရေးအစိုးရမှ ကျောင်းပေါင်း

၁၀ ကျောင်း ကျော်အထိဖွင့်လှစ်ထားပြီဖြစ်ပြီး ယင်းစာသင်ကျောင်းများတွင် မတက်ရောက်ဘဲ မြို့ပေါ် စစ်ကောင်စီကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားများကိုလည်း အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြောဆိုထားသည်။

စစ်ကောင်စီကျောင်းမှာ တက်ပြီးအောင်လာတဲ့သူတွေကိုလည်း အသိအမှတ်မပြုပေးဘူး။ ပြီးရင်မြိုပေါ်မှာပဲ သွားနေ ရွာကိုပြန်မလာခဲ့နဲ့ ကျွန်တော်တို့စိုးမိုးထားတဲ့နေရာမှာလာမနေနဲ့ပေါ့ အဲ့လိုပဲဟုရွှေကူ PDF တာဝန်ရှိသူကဆက်ပြောသည်။

ရွှေကူ မြို့နယ် အရှေ့တောင်ခြမ်းဘက်ရှိသော စီသာ၊ စီသောင် ၊မံဝင်း စသည့်ကျေးရွာများတွင် NUG ကျောင်းများဖွင့်လှစ်ထားနိုင်ပြီး အခြားနေရာများတွင်လည်း ဆက်လက်ဖွင့်လှစ်ရန်  အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းသိရသည်။

NUG လက်အောက်တွင် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသားမိဘတစ်ဦးကစစ်ကောင်စီကျောင်းက ကျွန်တော်တို့သွားမထားဘူး အာဏာရှင်စနစ်ကလာတဲ့ ကျောင်းကတော့ ကျွန်တော်တို့ ကျောင်းသားမိဘတွေအနေနဲ့လည်းမထားချင်ဘူး ဒီဘက်မှာကတော့ NUG ကျောင်းပဲပြောချင်တာက အခုဖြစ်နေတာပြည်သူနဲ့စစ်တပ်နဲ့ဖြစ်တာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဖြစ်တာမဟုတ်ဘူး အဲ့ကြောင့် ကျွန်တော်တို့က စစ်အာဏာရှင်နဲ့ပတ်သက်လာရင်တော့ ခွင့်မပြုနိုင်ဘူး။ ရွာတွေကိုလည်း မီးရှို့ သူတို့ကိုယ်တိုင် ခံစားရအောင်လုပ်နေတာသူတို့ဖွင့်တဲ့ကျောင်းကိုလည်း ကျွန်တော်တို့ကျောင်းသားမိဘတွေလည်းမထားတော့ဘူးဟု ပြောသည်။

KIA နှင့် PDF စိုးမိုးမှုအားကောင်းသည့် ရွှေကူအရှေ့တောင်ခြမ်းရှိ စီသာ၊ စီသောင်၊ မံဝင်း၊ နန့်လန်ကျေးရွာများတွင် စစ်ကောင်စီတပ်က ယခုနှစ် မတ်လ ၂၀ ကျော်တွင်စစ်ကြောင်းထိုးခဲ့ပြီး ရွာပေါင်း ၁၂ တိတိကို မီးရှိ့ခဲ့ရာယင်း ကျေးရွာများတွင် ယခုအချိန်မှ ပြန်လည်ထူထောင်ရေး စလုပ်နေကြောင်း သိရသည်။ 

ရွှေကူမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂၂၀၂၃ ပညာသင်နှစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG )ကျောင်း ပေါင်း ၃၀ ကျော်ဖွင့်လှစ်ခဲ့ရာ တက်ရောက်ပြီးစီးအောင်မြင်သည့် ကျောင်းသားကျောင်းသူ ၇၀၀၀

ကျော်ရှိခဲ့သည်ဟုသိရသည်။

အလားတူ စစ်ကောင်စီတပ်လက်အောက်ခံစာသင်ကျောင်းဖွင့်ခွင့်တားမြစ်သည့် ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ရွှေကူကာကွယ်ရေးတပ်ဖွဲ့မှ ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button