သတင်း

မိုးညှင်း မြို့နယ်ရဲစခန်းကို KPDF အဖွဲ့ သွားရောက်ပစ်ခတ်

မိုးညှင်းမြို့တွင်ရှိ မြို့နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က လက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်းဒေသခံများမှ သိရသည်။

ဇွန်လ ၂၁ ရက် ယနေ့ ညနေမွန်းလွှဲ ၃ နာရီဝန်းကျင် အရှေ့စုရပ်ကွက်ကနေ မြို့မရဲစခန်းကို PDF လူငယ်နှစ်ဦးက RPG လက်နက်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက KNG ကိုပြောသည်။

အရှေ့စုရပ်ကွက်မှာရှိတဲ့ ကိုယ်ပိုင်ကျောင်း လူရည်ချွန် ဆိုတဲ့ ကျောင်းရှေ့ကနေ ဆိုင်ကယ်နဲ့ လူနှစ်ယောက်ဟုတ်တယ်၊ ၃ ချက်တိတိကို လာပစ်သွားတာ၊ အရမ်းကို အသံကျယ်သွားတာ ဟုတ်တယ်၊ အနီးအနားက လူတွေတောင်အကုန်လန့်သွားကြတာဟုပြောသည်။

မြို့မရဲစခန်းအတွင်းထဲအထိ ပစ်ခတ်ခံရခြင်းဖြစ်သည့်အတွက် ထိခိုက်မှုရှိနိုင်သည်ဟု ပြောဆိုနေသော်လည်း အသေးစိတ်သိရှိရန် ခက်ခဲနေဆဲဖြစ်သည်။

မိုးညှင်းမြို့တွင် ရဲစခန်းပစ်ခတ်ခံရမှုသည် ပထမ အကြိမ်ဖြစ်သည်ဟု သိရပြီး စစ်ကောင်စီဘက်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ရှိနိုင်သည့် မိုးညှင်းမြို့ အရှေ့ဘက်ခြမ်း ဘက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိနေကြောင်းသိရသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် မိုးညှင်းမြို့နယ်မှ စစ်ကောင်စီ လက်အောက်ခံ တရားရုံးစောင့် တစ်ဦးပစ်သတ်ခံရမှုရှိခဲ့ပြီး မတ်လ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ စရဖအရာရှိတစ်ဦးကိုလည်း KPDF မှ ပစ်ခတ်ရှင်းလင်းခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ထို့အပြင် မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်မြို့နယ်ဖြစ်သည်။

Show More

Related Articles

Back to top button