သတင်း

ကလေးမြို့နယ်တွင် လက်နက်ကြီးထိမှန်သောကြောင့် ၅ ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မူကြောင့် ၅ ရက် အတွင်း ကလေးငယ်တစ်ဦး အပါအဝင် သေဆုံးသူ ၄ ဦးအထိရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များပြောသည်။

ကလေးမြို့ ဇင်းကလင်း ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကလေးမြို့ပေါ် မှ တပ်ရင်း ခမရ ၃၆၅၊ ခလရ ၂၂၈ တပ်ရင်းမှ စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် တစ်ရက်တည်း ထိုမာကျေးရွာမှ ဒေသခံ ၂ ဦး၊ ၁၆ ရက်နေ့တွင် သာစည်ကျေးရွာမှ ကလေးငယ် တစ်ဦး၊ ဇွန်လ ၂၀ ရက်နေ့ ကလေးမြို့ထဲမှ အမျိုးသားတစ်ဦး စုစုပေါင်း ၄ ဦးသေဆုံးမှုရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီးကြောင့် ထိုမာရွာက အမျိုးသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦးတစ်နေ့တည်း ၂ ယောက်သေဆုံးခဲ့ရတယ်။ အဲ့မတိုင်ခင် ၁၆ရက်နေ့က သာစည်ရွာက ကလေးငယ် တစ်ဦးသေဆုံးခဲ့တယ်။ မနေ့ကညနေကတော့ မြို့ထဲကနေ စခတွေပစ်တဲ့လက်နက်ကြီးကြောင့်သာစည်ရွာကပဲအမျိုးသားတစ်ဦးပွဲချင်းပြီး ဆုံးသွားပါတယ်ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ လက်ချက်ကြောင့် လက်နက်ကျည်သေဆုံးခဲ့သော သာစည်ရွာကျေးရွာမှ  ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၂၃ နှစ်အရွယ်ရှိသူ ကိုငပဲ့ ဆိုသူ ၂ ဦး၊ ထိုမာကျေးရွာမှ အသက် ၄၃ နှစ်အရွယ် ဦးဘဦးခေါ်သူနှင့် အသက် ၂၃ နှစ်အရွယ်ရှိသူ မပန်းအိလှိုင် ၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဇွန်လ ၁၄ ရက်နေ့မှစတင်ကာ ကလေးမြို့တောင်ပိုင်းဘက်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှုရှိခဲ့ပြီး PDF ဘက်ကလည်း ကလေးမြို့အဝင်လမ်းနေရာများကို အချိန်အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုနေကြောင်းသိရသည်။

တိုက်ပွဲက ရက်စိပ်စိပ်ဖြစ်နေတယ် ပြီးရင် စစ်ကောင်စီတပ်ဘက်က မကြာခဏ မြို့တွင်းကိုလက်နက်ကြီးနဲ့ ပစ်ခတ်တယ် ပြည်သူတွေသွားလာနေတဲ့လမ်းမတွေကိုလည်း ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာတွေရှိတယ် ဒါ့ကြောင့် လမ်းတွေကို ယာယီပိတ်ထားတယ် မြို့အတွင်းကိုမသွားကြဖို့ပေါ့ ပြည်သူတွေအနေနဲ့ အရေးပေါ် သွားမယ့်သူတွေအတွက်တော့ ခွင့်ပြုထားပါတယ်ဟုသူကဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း ကာကွယ်ရေးတပ်ဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲအခြေချထားသည့် ဇင်းကလေး နေရာကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်မှုများရှိခဲ့သောကြောင့် နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့ကြောင်းလည်း ဆက်သိရသည်။

လက်ရှိတွင် စစ်ရေးတင်းမာမှုများဖြစ်ပေါ်နေသဖြင့် ကလေးမြို့နယ်တောင်ပိုင်းရှိ ဇင်းကလေး၊ သာစည်၊ ထိုမာ၊ ရေလဲဦး၊ ပေါက်ခုံ၊ ချင်းဆိုင် စသည့်ကျေးရွာများမှ ဒေသခံ ၂ ထောင်ကျော်ခန့်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းအရင်းအမြစ်များကပြောသည်။

မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ၏ ပြီးခဲ့သည့်ဇွန်လ၁၄ရက်နေ့က နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝှမ်းတွင်စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၈၆၀၀ ကျော်သေဆုံးခဲ့ရသည်ဟုလည်း ဖော်ပြထားသည်ကိုတွေ့ရသည်။

Show More

Related Articles

Back to top button