သတင်း

အောင်နန်ကျေးရွာ စာသင်ကျောင်းပြန်လည်တည်ဆောက်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေ

မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မံစီမြို့နယ် အောင်နန်ကျေးရွာမှ စာသင်ကျောင်းပြန်လည်တည်ဆောက်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ဒေသခံများမှ သိရသည်။

အောင်နန်ကျေးရွာတွင် ပြီးခဲ့သည့် မေလအတွင်း မိုးခါမုန်တိုင်းဝင်ရောက်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များပျက်စီးဆုံးရှုံးသွားသည့်အတွက် လက်ရှိ ယာယီကျောင်းဆောင်ဖြင့်သာ စာသင်ကြားနေရသည့် အခက်အခဲများရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

သွပ်အဟောင်းတွေကို ပြန်ဖြုတ်ယူပြီး နဂိုစာသင်ကြောင်းရဲ့ ဘေးဘောလုံးကွင်းနေရာမှာဖြစ်သလိုလုပ်ထား ရတာပေါ့၊ အစိုးရတွေလည်း မလုပ်ပေးနိုင်သေးဘူး၊ ဘယ်သူမှကူညီတာတော့မရှိသေးဘူး၊ ရွာထဲက ဝါးတွေ ခုတ်ယူပြီး ဝါးတိုင်တွေနဲ့ ဖြစ်နိုင်သလိုလုပ်ယူထားတဲ့သဘောဘဲ၊ ပြီးတော့ ကျွန်တော်တို့ ရွာက စစ်ရှောင်နေရာ ပြန်လည်ထူထောင်ရေး ပုံစံလိုမျိုးနေရာဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်ဟုပြောသည်။

အောင်နန်ကျေးရွာတွင် ယခင်က မူလတန်းထိသာရှိခဲ့သော်လည်း လက်ရှိတွင် ၆ တန်းထိတိုးထားပြီး ကျောင်းသားစုစုပေါင်း ၄၂ ဦးရှိကြောင်းသိရသည်။

မံစီမြို့နယ် အောင်နန်ကျေးရွာ စာသင်ကျောင်းဆောင်းအား လာမည့်နှစ်တွင် ပြန်လည်ပြုပြင် ပေးမည်ဟု သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ ပြောဆိုထားပြီး တရုတ်ငွေကိုးသောင်းကျော်ကုန်ကျနိုင်သည်ဟု ရပ်ရွာလူကြီးများက ဆိုသည်။ ‌

လက်ရှိ ယာယီကျောင်းဆောင်တွင် မိုးရွာသည့်ချိန် မိုးမလုံသည့်အတွက် ကလေးများစာသင်ကြားအဆင်ပြေစေရန် သွပ်မိုး၊ ထိုင်ခုံများ ကူညီပေးစေလိုကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးKNG ကို ပြောသည်။

မုန်တိုင်းတွေ လည်းပြန်ဖြစ်လာမှာလည်း စိုးရိမ်တယ်၊ ကလေးတွေရဲ့ လိုအပ်တဲ့ စာအုပ်တွေ၊ဘောပင်တွေ၊ ခဲတံတွေ ဝယ်ဖို့အတွက်ကလည်း ဈေးကလည်းဝေး၊ ကလေးတွေလည်း ခက်ခက်ခဲခဲနဲ့၊မိုးရွာရင် မိုးယိုတဲ့ နေရာမှာဘဲ ထိုင်ပြီး စာသင်နေကြရတယ်၊ ခုံတွေဆိုလည်း အကုန်ကျိုးကုန်တော့ ခုံတွေလည်းမလောက် အောက်မှာဘဲသင်နေကြရတယ်၊ အဓိက လိုအပ်တာက အမိုးနဲ့ ထိုင်ခုံတွေလိုအပ်တာပေါ့ဟုပြောသည်။

အဆိုပါ အောင်နန်ကျေးရွာ‌ ဒေသခံများသည် ကျေးရွာနှင့် မိုင် ၂၀ ခန့်ဝေးသော မိုးမောက်မြို့သို့ ဈေးဝယ်သွားရပြီး မိုးတွင်းချိန် သွားလာရသည့် အခက်အခဲကြောင့် အစားအသောက် အခက်အခဲများလည်းကြုံတွေ့နေရကြောင်း၎င်းက ဆက်ပြောသည်။

မိုးမောက်မြို့မှ ၁ နာရီကျော်ကြာသွားရသည့် အောင်နန်ကျေးရွာ ဒေသခံများသည် စားဝတ်နေရေးအတွက်စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး အိမ်ထောင်စု ၃၇ စုနှင့် လူဦးရေ ၂၂၀ ခန့်ရှိကြောင်းသိရသည်။

Show More

Related Articles

Back to top button